Saturday, March 14, 2026
More
    spot_img
    Homeသတင်းနအဖနှင့် ဒီကေဘီအေတပ် တိုက်ပွဲထပ်မံဖြစ်ပွား

    နအဖနှင့် ဒီကေဘီအေတပ် တိုက်ပွဲထပ်မံဖြစ်ပွား

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ကြိမ်ချောင်းကျေးရွာနှင့် ချောင်းဆုံကျေးရွာအကြားရှိ သဲသုံးလုံးမှာ ယမန်နေ့က နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။

    နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စစ်အစိုးရတပ် ခမရ (၄၀၆) စစ်ကြောင်း (၁, ၂) နှင့် ဗိုလ်ကြီး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေတပ် (၉၀၁) တပ်ဖွဲ့တို့ တိုက်ပွားဖြစ်ပွားကြောင်း ကေအန်ယူ တပ်ရင်း (၁၆) မှ ဗိုလ်ကြီး ဗဒိုစောထဲနေက ပြောသည်။

    “နှစ်ဘက်စလုံး ကျဆုံးတာ၊ ဒဏ်ရာရတာမရှိဘူး၊ ဒီလို တိုက်ပွဲဖြစ်ရင် အများအားဖြင့် ကျဆုံးမှုမရှိဘူး” ဟု ၎င်းက ပြောသည်။ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာသည်။

    ခမရ (၄၀၆) စစ်ကြောင်း (၁,၂) သည် ဇမိချောင်း အရှေ့ဘက်တွင် စခန်းချထားပြီး ခမရ (၄၀၅) စစ်ကြောင်း (၁,၂) သည် ဇမိချောင်း အနောက်ဘက်နေရာတွင် နေရာယူထားကြောင်း သိရသည်။

    နောက်ထပ်လည်း တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အလားလာရှိနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

    တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်အစိုးရ စစ်ကြောင်းတစ်ကြောင်း ချောင်းဆုံဘက်သို့ ချီတက်သွားကြောင်း သို့သော် ဘယ်စစ်ကြောင်း ဖြစ်သည်ကို အသေအချာမသိသေးကြောင်း မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ထိုအတူ ယမန်နေ့က ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ကျေးရွာတစ်ရွာတွင် စစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင်သည့် တပ်ရင်း (၉၀၂) တို့ ညနေ ၆ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

    “ပစ်ခတ်ကြတာ အချိန်တော့ သိပ်မကြာဘူး၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားရတယ်” ဟု ၎င်းက ပြောသည်။

    သေနတ်သံကြောင့် မြဝတီမြို့သူ/သားတို့က ထိန့်လန့်နေကြကာ  နောက်ထပ် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် တစ်ဘက်ကမ်း ထိုင်းနိုင်ငံထဲသို့ တိမ်းရှောင်သွားသူများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

    နအဖနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားသောကြောင့် မြဝတီမြို့တဝိုက်ရှိ ကျေးရွာတွေမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် စာသင်ကျောင်းတွေပါ ပိတ်ထားကြောင်းလည်း ဒေသခံတွေက ပြောသည်။

    ခမရ (၄၀၆) ဦးစီးသော စစ်ကြောင်းသည် အင်အား (၁၀၀) ခန့်ရှိပြီး ဗိုလ်ကြီး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေ စစ်ကြောင်းသည် အင်အား (၃၀) ခန့်သာရှိကြောင်း ကေအန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် အနီးအနားတဝိုက်ရှိ ကျေးရွာတွေမှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့က သုံးဆူမြို့နယ် မယကဥက္ကဌကနေတဆင့် ရပ်ကွက်ဥက္ကဌများထံ ည ၈ နာရီနောက်ပိုင်း အပြင်ထွက် သွားလာခွင့် ပိတ်ပင်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks