(ဗညားရံ)– သုံးပွင့်ဆိုင် ဆွေးနွေးပွဲဆိုတဲ့ ဝေါဟာရကို ၁၉၉၄-ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ စတင်ပြီး ခေါ်ဝေါ်သုံးစွဲလာတာ ဖြစ်တယ်။ စစ်အစိုးရယ်၊ ဒီမိုကရေစီ အင်အားစုတွေရယ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရယ် ပေါင်းပြီး တွေ့ဆုံဆွေးနွေးကြမှ လက်ရှိမြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယူဆပြီး အဆိုပြုခဲ့ခြင်းပါ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးက စစ်အစိုးရကို ဖိအားတွေ အမျိုးမျိုး ပေးခဲ့ပေမယ့် အကောင်အထည် ပေါ်မလာဘဲ အခုဆိုယင် (၁၆) နှစ် ကြာခဲ့ပါပြီ။
ရှိသမျှဖိအားတွေကို မထီလေးစားပြုပြီး ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် အပေါက်မျိုး ချိုးခဲ့တဲ့ မြန်မာစစ်အစိုးရဟာ ဒီလာမယ့် နိုဝင်ဘာလ (၇) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ လုပ်ပြလိုက်ခြင်းဖြင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အစဉ်တစိုက် တောင်းဆိုလာခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ပြက်ရယ်ပြုလိုက်ပါပြီ။ မြန်မာပြည်သားတွေဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူး၊ တိုင်းရင်းသားတွေဟာ ယုံကြည်စိတ်ချလို့ မရဘူးဆိုတဲ့ အကြောက်တရား လွှမ်းမိုးတဲ့ သဘောတရား အခြေခံနဲ့ မြန်မာပြည်ကို ဓားမိုး အုပ်ချုပ်သွားမှာပါ။
အမှန်မတော့ ရှစ်လေးလုံးကနေစပြီး ဒီကနေ့အထိ မြန်မာပြည်သားတွေဟာ စည်းကမ်းရှိခဲ့ကြပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အံဝင်ခွင်ကျတဲ့ အတွေးအခေါ်တွေနဲ့ ရင့်ကျက်ခဲ့ပါတယ်။ မြန်မာတိုင်းရင်းသားတွေကလည်း ပြည်ထောင်စုကနေ ခွဲထွက်မယ်လို့ ပြောခဲ့တာ မရှိပါဘူး။ ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူအခွင့်အရေး ရရှိဖို့သာ တောင်းဆိုခဲ့ကြတာပါ။ ဒီမိုကရေစီဆိုတာ သေနတ်ပြောင်းဝက လာတယ်၊ ပြည်ထောင်စု မပြိုကွဲရေးအတွက် လက်နက်နဲ့ အုပ်ချုပ်မှ ရမယ်ဆိုတဲ့ အောက်တန်းကျတဲ့ အတွေးအခေါ်တွေနဲ့ ခရီးဆက်နေတဲ့ စစ်အစိုးရကသာ ခေတ်နောက်ကျ ကျန်နေခဲ့တာပါ။
ဒီနိုဝင်ဘာလ ရွေးကောက်ပွဲ ပြီးယင် အဲဒီသုံးပွင့်ဆိုင် အသံတိတ်သွားမယ်လို့ စစ်အစိုးရက ထင်နေမှာပါ။ ၁၉၉၀-ခု ရွေးကောက်ပွဲကို ကန့်လန့်ကာ ချခဲ့ပြီ၊ လက်ရှိမျိုးဆက်သစ်တွေကလည်း ရှစ်လေးလုံးကို မမြင်ဖူးကြဘူး၊ အရင်က နိုင်ငံရေးသမားတွေလည်း နားသူနား၊ နာသူနာ၊ သေသူသေ အင်အားချိနဲ့ခဲ့ကြပြီ၊ ဝန်ထမ်းတွေ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ် ဆိုပြီး ကိုယ့်အိတ်ထဲ အကုန်ဖိတ်စေတယ်၊ ကျောင်းသားဆိုတာ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုပြီး ကြ့ံဖွတ်အသင်းဝင်မှ စာမေးပွဲအောင်မယ့်ခေတ် ရောက်နေပြီ။ ဒီလိုပဲ စစ်အစိုးရက အပိုင်တွက်ပြီး အတိုက်အခံတွေဘက်မှာ အမှန်တရားပဲ ရှိမယ်၊ အဲဒီအမှန်တရားနဲ့ ဘာမှ လုပ်လို့မရဘူးလို့ အဟေတုက ဒိဋ္ဌိဝါဒနဲ့ မျက်နှာပြောင်တိုက်နေတာပါ။
ပြဿနာဆိုတာ နှလုံးရည်နဲ့ ဖြေရှင်းစရာ မလို၊ အင်အားရှိဖို့ပဲ လိုတယ်လို့ စစ်အစိုးရက ရှန်တိန်း လုပ်နေတယ်။ မြန်မာပြည်ရဲ့ပြဿနာဟာ ဘာလဲဆိုတာ စစ်အစိုးရက မသိနားမလည်တာ မဟုတ်ဘူး။ နိုင်ငံတော် တည်ငြိမ်ရေး ဆိုကတည်းက မြန်မာပြည်ဟာ မတည်ငြိမ်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုကတည်းက တိုင်းရင်းသားရေးရာ ပြဿနာတွေ ရှိနေတယ်။ တရားဥပဒေ စိုးမိုးရေးဆိုကတည်းက ဒီနိုင်ငံမှာ တရားဥပဒေအတိုင်း မအုပ်ချုပ်ဘူး။ စစ်အစိုးရ ပြောပြောနေတဲ့ ဒီနိုင်ငံရေး ဦးတည်ချက် (၄) ရပ်ကို တိုင်းရင်းသားတွေက ဖွဲ့စည်းအုပ်ချုပ်ပုံ ပြဿနာလို့ တစ်ခွန်းထဲနဲ့ ရည်ညွှန်းခဲ့တာပါ။
အဲဒီလောက် အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ခေါ်ပြီးမှ ရေးဆွဲကြဖို့ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ တိုင်းရင်းသား လူမျိုးများက တောင်းဆိုခဲ့ကြတာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀-ခု ရွေးကောက်ပွဲမှာ နိုင်ခဲ့လို့ သူက ဦးဆောင်ပြီး ကျန်တဲ့ အောင်ပွဲခံပါတီများက ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများက ကိုယ်စားလှယ်များ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ လက်ရှိ စစ်အစိုးရ ကိုယ်စားလှယ်များနဲ့အတူ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရမှာပါ။ အများသဘောတူနိုင်တဲ့ အခြေခံမူများကို ရရှိနိုင်မှသာ အထက်ဖော်ပြပါ နိုင်ငံရေး ဦးတည်ချက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ။
အများသိတဲ့အတိုင်း စစ်အစိုးရဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လျစ်လျုရှုပြီး တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို မသိကျိုးကျွံပြုကာ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ နာဂစ်ဆိုင်းကလုန်းဝင်လို့ လူသိန်းချီ သေကြေနေတဲ့အချိန်၊ မိသားစုတွေ တကွဲတပြား ဖြစ်နေတဲ့အချိန်၊ ပြည်သူပြည်သားတွေ အကူအညီ လိုနေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး အခြေခံဥပဒေ ဆန္ဒခံယူပွဲ လုပ်ခဲ့တယ်။ ထောက်ခံဆန္ဒမဲ (၉၀) ရာခိုင်နှုန်းကျော် ရကြောင်း ကျေညာခဲ့တယ်။ ဒါဟာ ပြည်သူပြည်သားတွေကို မထေမဲ့မြင် ပြုခြင်း ဖြစ်တယ်။ အခြေခံဥပဒေကို ဘယ်တိုင်းရင်းသား ဘာသာနဲ့မှ ပုံနှိပ်ဖြန့်ဝေခဲ့ခြင်း မရှိတဲ့အတွက် တိုင်းရင်းသားတွေရဲ့တည်ရှိမှုကို သေးသိမ်အောင် လုပ်ခဲ့ခြင်း ဖြစ်တယ်။
အဲဒီနာဂစ်အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ လုပ်မယ်ကြံတဲ့အခါ ဆင်ဖြူတော်လည်း ဆိုက်လို့၊ ရခိုင်နဲ့ အထက်မြန်မာပြည်ကို ဂီရိမုန်တိုင်းလည်း တိုက်လို့ ရွေးကောက်ပွဲကို ကြိုဆိုလိုက်ကြတာ စည်စည်ကားကားပါပဲ။ ဒါကြောင့် နာဂစ်အခြေခံဥပဒေနဲ့ လုပ်တဲ့ ဂီရိရွေးကောက်ပွဲလို့ ပြောစမှတ် ဖြစ်ရတော့မှာပါ။ ဒီရွေးကောက်ပွဲကို ပြင်ဆင်နေကြတဲ့ အချိန်မှာ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လူမျိုးများက သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို မဟာဗျူဟာအရ ဆုပ်ကိုင်ထားတုန်းပါ။ နိုင်ငံတကာမိသားစုများကလည်း ရွေးကောက်ပွဲကိုပဲ အများပါဝင်နိုင်အောင် လုပ်ဖို့၊ တရားမျှတအောင် လုပ်ဖို့ ဆော်သြခြင်းဖြင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို သွယ်ဝိုက်ပြီး အဆိုပြုတုန်းပါ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အများပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ၊ နိုင်ငံတကာ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ လုပ်ဖို့ အချိန်မနှောင်းသေးဘူးလို့ အဆိုပြုလျက် ရှိနေပါတယ်။
သုံးပွင့်ဆိုင် ဆွေးနွေးပွဲဟာ ဘာကြောင့် ဒီလောက် အရေးကြီးနေရတာလဲ။ တိုင်းရင်းသားတွေက ဘာကြောင့် ဒီဆွေးနွေးပွဲ လိုအပ်တယ်လို့ ယူဆကြပါသလဲ။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကကော ဘာကြောင့် ကုလသမဂ္ဂ အဆိုပြုထားတဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲကို လက်ခံနိုင်ကြပါသလဲ။ နိုင်ငံတကာမိသားစုများကလည်း ဘာကြောင့် ဒီဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသလဲ။ စစ်အစိုးရကကော ဘာကြောင့် ဒီဆွေးနွေးပွဲကို ကြောက်ပြီး တွန့်ဆုတ်နေရပါသလဲ။
အားလုံးခြုံငုံပြီး ပြောရယင်….
* စစ်အစိုးရက စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားတဲ့အတွက် ဒီမိုကရေစီဘက်တော်သားတွေ အာဏာရလာယင် ကမ္ဘာ့စစ်ခုံရုံး တက်ရမှာကို ကြောက်တယ်။
* တိုင်းရင်းသားတွေကို နေရာပေးယင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာပြီး ဗမာလူမျိုးကြီးဝါဒ ကျဆုံးမှာကို ကြောက်တယ်။
* လွတ်လပ်ခွင့်ကို အသုံးချပြီး နိုင်ငံခြား သာသနာပြုများ၊ နိုင်ငံခြား မီဒီယာများ၊ နိုင်ငံခြား ယဉ်ကျေးမှုများ စသည် ခြေကုပ်ယူပြီး ခြေချင်းလိမ်မှာကို ကြောက်တယ်။ (နအဖသတင်းစာအတိုင်း)
ဒီလိုယူဆတဲ့အတွက်….
* တပ်မတော်က အမျိုးသား နိုင်ငံရေး ဦးဆောင်ကဏ္ဍမှာ ပါဝင်အောင် လုပ်တယ်။
* ပြည်ထောင်စု အမည်အောက်မှာ တပြည်ထောင်စနစ်ကို ကျင့်သုံးတယ်။
* နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံးကို ထိန်းချုပ်ထားနိုင်အောင် စီမံထားတယ်။
ဒီလောက် ရိုးရိုးရှင်းရှင်းနဲ့ လုပ်နေခြင်းမျှသာ ဖြစ်တယ်။ မိသားစု အကျိုးစီးပွားကို ကာကွယ်ဖို့၊ အကြောက်တရားနဲ့ အုပ်ချုပ်နိုင်ဖို့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို စစ်အစိုးရက အလိုမရှိပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံပါတီများ၊ တိုင်းရင်းသား လူမျိုးများကို ဖယ်ရှားနိုင်မှသာ ဖြစ်နိုင်မယ်လို့ ခံယူထားတယ်။ ဒီအတိုင်းပဲ သူတို့က ဆက်ပြီးအကောင်အထည်ဖော်နေတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ ဝင်လို့ မရအောင်၊ ပြိုကွဲအောင် လုပ်နိုင်ခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း လက်နက် အပ်ခိုင်းတယ်၊ နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်၊ ပြည်သူ့စစ် လုပ်ခိုင်းတယ်၊ အချင်းချင်း အထင်အမြင် လွဲအောင် လုပ်တယ်၊ ခွဲထွက်နိုင်အောင် အားပေးတယ်။
ဒီမိုကရေစီ အင်အားစုတွေက တိုက်ပွဲမှာ အမြင်မဝိုးဝါးကြဘူး။ အများစုက စစ်အစိုးရနဲ့ မပတ်သက်ကြပါ။ အနည်းအကျဉ်းသာ ကိုယ်ပေါင်းစိတ်ခွာ သဘောမျိုးနဲ့ စစ်အစိုးရ ရွေးကောက်ပွဲကို ဝင်ရောက်အရွေးခံကြတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း စစ်အစိုးရကို တုံ့ပြန်ဖို့ လက်မနှေးခဲ့ကြပါ။ အခုဆိုယင် ဖက်ဒရယ် ပြည်ထောင်စု ဖေါ်ထုတ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပါပြီ။ လောလောဆယ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ချင်းအမျိုးသားတပ်ဦးနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ ပါဝင်နေပါတယ်။ ဒီတိုင်းရင်းသား (၆) ဖွဲ့ဟာ ဒီနိုဝင်ဘာလဆန်း (၄) ရက်မှာပဲ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်ပြီး ဖက်ဒရယ် တပ်မတော်တစ်ခုကိုတောင် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတာပါ။
ဖက်ဒရယ်ဆိုယင် ကြောက်တတ်တဲ့ ပြည်တွင်းက အဖွဲ့အစည်းများကလည်း ကလေးမြို့ ညီလာခံကနေ ဒုတိယပင်လုံညီလာခံ ခေါ်ဖို့ သဘောတူလိုက်ပါပြီ။ ဒီညီလာခံကို ဖေဖေါ်ဝါရီလမှာ ကျင်းပမယ်လို့ သိရပါတယ်။ ပြည်ထောင်စုနေ့ အခါသမယမှာ ကျင်းပကြမယ့်သဘောပါ။ ညီလာခံကို သဘောတူကြတဲ့ အဖွဲ့တွေကို ကြည့်ယင် အံ့အားသင့်စရာပါပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦးနဲ့ ဦးဝင်းတင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ နိုင်ထွန်းသိန်းနဲ့ နိုင်ငွေသိမ်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စောဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထောင်ခိုထန် အပါအဝင် ခေါင်းဆောင်ကြီးများ တက်ကြကြောင်း သတင်းမှာ တွေ့ရတယ်။ ဒါဟာ စစ်အစိုးရနဲ့ သူလုပ်တဲ့ ရွေးကောက်ပွဲကို ရဲရင့်ပြတ်သားစွာ စိန်ခေါ်လိုက်ခြင်း ဖြစ်တယ်။ ထူးခြားချက်တစ်ခုမှာ ဒီညီလာခံကလည်း စစ်မှန်တဲ့ ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ဖြစ်တဲ့အတွက် ထိုင်းနယ်စပ်ရှိ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ထုတ်ရေး ကော်မတီနဲ့ ထပ်တူဖြစ်ကြောင်း သံသယမရှိပါ။ ဒါဟာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ပြီး ကိုယ့်လမ်းကိုယ်ချော် နေပြည်တော်ရောက်ရောက် နောက်တက်မယ့် အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။
ဒါကိုလေ့လာယင်…
* လက်ရှိ နိုင်ငံရေးခေါင်းဆောင်များဟာ နိုင်ငံရေး ဒီရေအတက်အကျကို ကောင်းကောင်းသိကြတယ်။
* စစ်အစိုးရနဲ့ သူကျောထောက်နောက်ခံ ပြုပေးမယ့် နောက်တက်အစိုးရကို ဘယ်လိုရင်ဆိုင်ရမလဲ ကောင်းကောင်းသိကြတယ်။
* လူမျိုးပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဟာ ပြည်တွင်းငြိမ်ချမ်းရေးအတွက် စစ်မှန်တဲ့ နိုင်ငံရေးမူဝါဒတစ်ရပ် ဖြစ်ကြောင်း သိကြတယ်။
တိုင်းရင်းသား လူမျိုးများရဲ့ ပြဿနာဟာ သေးငယ်တဲ့ ပြဿနာလို့ ကမ္ဘာ့က ထင်မြင်ယူဆကြလေ့ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာများစွာထဲက တစ်ခုကို လူနည်းစု ပြဿနာလို့ အချို့နိုင်ငံတွေက သုံးနှုန်း ဖော်ပြကြတယ်။ လူနည်းစု ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှာ လူဦးရေ (၁) ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းအထိကို ဆိုလိုတာပါ။ မြန်မာပြည်မှာ တိုင်းရင်းသား လူမျိုးများဟာ (၄၀) ရာခိုင်နှုန်းမျှ ရှိပါတယ်။ သူတို့ နေတဲ့ ပြည်နယ် (၇) ခုဟာ နိုင်ငံရဲ့ (၅၇) ရာခိုင်နှုန်းမျှ ကျယ်ဝန်းပါတယ်။ ဒီနေရာတွေဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသမှာ ဖြစ်တယ်။ သဘာဝသယံဇာတတွေ ပေါကြွယ်ဝတယ် ဆိုတာ ဒီနေရာတွေပါ။ ဒီလောက်များလှတဲ့ လူဦးရေနဲ့ ဒီလောက်ကျယ်ဝန်းတဲ့ ဒေသတွေမှာ မတည်မငြိမ် ဖြစ်နေယင် လူနည်းစုပြဿနာလို့ ခေါ်လို့မရတော့ဘူး။ တကယ့်အမျိုးသားရေး ပြဿနာတစ်ခုပါ။ ဒါကို မသိကျိုးကျွံပြုတဲ့ အစိုးရဟာ စစ်မှန်တဲ့ အမျိုးသားအစိုးရတစ်ရပ် မဟုတ်တော့ဘူး။
ဒါကိုသိရှိသဘောပေါက်တဲ့ အမျိုးသားခေါင်းဆောင်တိုင်းဟာ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဆောင်နေတဲ့ အချိန်မှာပဲ တိုင်းရင်းသားလူမျိုးများရဲ့အရေးကိုလည်း မျက်ခြေမပြတ်အောင် ကြိုးစားထိန်းသိမ်းလေ့ ရှိကြပါတယ်။ အခုနယ်စပ်မှာ ဖက်ဒရယ် ပြည်ထောင်စု ဖေါ်ထုတ်ရေး ကော်မတီတစ်ရပ် ပေါ်ပေါက်လာတဲ့ အချိန်မှာ ပြည်တွင်းမှာလည်းပဲ ဒုတိယပင်လုံ ညီလာခံ ကျင်ပးရေး ကော်မတီတစ်ရပ် ပေါ်ပေါက်လာတဲ့အတွက်……
* မြန်မာနိုင်ငံဟာ ယူဂိုဆလားဗီးယားလို နိုင်ငံမျိုး မဟုတ်။
* ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများဟာ ခွင့်တူညီမျှ ရချင်တဲ့ဆန္ဒ ရှိကြတယ်။
* စစ်မှန်တဲ့ ပြည်ထောင်စုမှာ လူမျိုးများ တန်းတူအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝနဲ့ နေတတ်တဲ့ ပါရမီ ရှိကြတယ်။
Demoractic Federation of Burma ပေါ်ပေါက်လာဖို့ စစ်အစိုးရ (သို့) ကြ့ံဖွတ်အစိုးရ (သို့) တစည မရှိမှ ဖြစ်နိုင်မှာပါ။ ဒါမှမဟုတ်ယင် နောက်တက်မယ့် အစိုးရက သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို လက်ခံမှ ဖြစ်နိုင်မယ်။ ဒီလိုမဟုတ်ဘဲ အထက်က အဖွဲ့နှစ်ခု ဆက်စပ်မှု ရှိကြကြောင်း မတရားစွပ်စွဲပြီး ထောင်ချလို့ ရသေးတာပဲလို့ ကြ့ံဖွတ်တို့ တွက်ယင် မှားမယ်။ သူတို့ ထင်သလို မဟုတ်တော့ဘူး။ မာရှယ်လောနဲ့ အုပ်ချုပ်တာ မဟုတ်တော့ဘူး၊ အရပ်သား အုပ်ချုပ်ရေးလို့ အမည်ခံလိုက်တာနဲ့ အနည်းဆုံး သူတို့ရဲ့ အစုတ်အပြတ် ဥပဒေကို နည်းနည်းပါးပါးတော့ ကိုးကားလို့ ရဦးမယ်၊ နောက်ပြီး ဒီအတိုက်အခံများဟာ အင်အား မသေးလှဘူး။ စာရေးသူအထင် ပြောရယင် တိုင်းရင်းသားတွေဟာ လိုအပ်ယင် လက်နက်ကိုင်အင်အား တစ်သိန်းလောက်ကို အချိန်မရွေး ဖွဲ့စည်းနိုင်တယ်။ အတိုက်အခံ ပါတီဝင်တွေကလည်း အင်အားတိုးလာမှာ မုချပါ။ အာဏာရှင်အုပ်စုမှာ ကပ်ဖားသမားတွေက လွဲပြီး ဘယ်သူမှ ကျန်မှာမဟုတ်ဘူး။ နောက်တက်မယ့် အစိုးရဟာ ဗျာများကုန်မှာပါ။ ရွှေရည်စိမ် လွှတ်တော်ထဲက ဖားတစ်ပိုင်း ငါးတစ်ပိုင်း အမတ်များကလည်း ဒီဘက်က အင်အားများလာယင် ပြန်ပါလာမှာမို့ ကြ့ံဖွတ်တွေ အထီးကျန်နေမှာပါ။ အရူးမီးဝိုင်း ဖြစ်နေမှာပါ။ နေဝင်းရဲ့ မဆလအစိုးရထက် ပိုပြီး အခက်တွေ့နေမှာပါ။ ရှေ့တိုးနောက်ဆုတ် မရယင် သုံးပွင့်ဆိုင်က သူတို့ ခေါင်းထဲ မဖြစ်မနေ ဝင်လာပါ့မယ်။
အချုပ်အားဖြင့် (၁၆) နှစ်ကြာ ရှေးမတိုးနိုင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲဟာ နယ်စပ်မှာ ဖက်ဒရယ် ပြည်ထောင်စု ဖေါ်ထုတ်ရေး ကော်မတီ၊ ပြည်တွင်းမှာ ဒုတိယပင်လုံ ညီလာခံမှ ပေါ်ပေါက်လာမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အဖွဲ့အစည်းတစ်ရပ်၊ ဒီအဖွဲ့အစည်းများကို ယေဘုယျအားဖြင့် ထောက်ခံမယ့် နိုင်ငံတကာ မိသားစုများ ပေါင်းမိယင် ပြန်ပြီးတော့ အသက်ဝင်လာမှာ သေချာတယ်။ နောက်ပြီး ၁၉၉၀-ခု ရွေးကောက်ပွဲနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ပယ်ဖျက်ဖို့ အားထုတ်တဲ့ ဒီရွေးကောက်ပွဲဟာ အင်အားပြင်းထန်တဲ့ တန်ပြန်တိုက်ပွဲကို ဖြစ်စေမှာပါ။ ဒီတန်ပြန်တိုက်ပွဲကို (၁၀) နှစ်လောက် ကြ့ံဖွတ်တို့ ခံနိုင်ယင် ကံကောင်းတယ် မှတ်ပါ။