Saturday, March 14, 2026
More
    spot_img
    Homeသတင်းမလေးရှားရောက် မြန်မာ့ဒီမိုကရေစီအင်အားစု ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

    မလေးရှားရောက် မြန်မာ့ဒီမိုကရေစီအင်အားစု ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

    -

    မလေးရှားရှိ မြန်မာသံရုံရှေ့တွင် ရွေးကောက်ပွဲသပိတ်နေကြသည့် မြန်မာ့ဒီမိုကရေစီအင်အားစုများ

    ကျလွန်းထော၊ ခတ္တာနန်း– လာမည့်နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံသောကြောင့် မလေးရှားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအင်အားစုက ယနေ့နံနက်တွင် မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့သည်။

    လူအင်အား ၁၅၀ ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း အလိုမရှိ၊ ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်ကို သက်ဆိုးရှည်စေသည့်အတွက် လက်မခံနိုင်ကြောင်း စသည့် ရွေးကောက်ပွဲ ဆန့်ကျင်သည့်ပိုစတာများအပြင် အခြားသော အတိုက်ခံအင်အားစုများ၏ ပိုစတာများဖြင့် အသံတိတ်ဆန္ဒပြခဲ့သည်ဟု ကိုယ်တိုင် သွားရောက် ဆန္ဒပြခဲ့သူတစ်ဦးက ပြောသည်။

    “အော်ပြောဖို့ သူတို့ (မြန်မာသံရုံ) ပါမစ်မပေးဘူး၊ ဒါကြောင့် အသံတိတ်နဲ့ ဆန္ဒပြရတယ်၊ ၅ မိနစ်လောက်ပဲ ရှိသေးတယ် မလေးရှားရဲတွေ လာတားလိုက်တယ်” ဟု သူက ပြောသည်။

    မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအင်အားစုကို တိုင်းရင်းသားအဖွဲ့အစည်း ၆ ဖွဲ့ဖြစ်သည့် လူ့ဘောင်သစ် ဒီမိုကရက်သစ်အဖွဲ့၊ မွန်အမျိုးသားဒီမိုကရေစီအင်အားစု၊ ရခိုင်အမျိုးသား ဒီမိုကရေစီအင်အားစု၊ ရှမ်းအမျိုးသား ဒီမိုကရေစီအင်အားစု၊ ဇိုမီးအမျိုးသားကွန်ကရက်နှင့် ကချင်ဒုက္ခသည်များအဖွဲတို့က ရွေးကောက်ပွဲဆန့်ကျင်ရန်အတွက် စုပေါင်းဖွဲ့စည်းထားကြောင်း လူ့ဘောင်သစ် ဒီမိုကရက်သစ်မှ အဖွဲ့ဝင် ကိုငယ်က ပြောသည်။

    “၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှာမဟုတ်ဘူး၊ စစ်အစိုးရက သူတို့အသိုင်းအဝိုင်းနဲ့ မိသားစုဝင်တွေကိုပဲ အလေးထားတယ်၊ ဒါကြောင့် ကျနော်တို့က ဆန္ဒပြတောင်းဆိုရတာပါ၊ လိုက်လျှောတာ၊ မလိုက်လျှောတာ သူတို့အပိုင်းပဲ” ဟု ကိုငယ်က ပြောသည်။

    အလားတူ လွန်ခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း လူအင်အား ၅၀ ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံသည့် ဆန္ဒပြပွဲတစ်ခုကို မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့တွင် ဖြစ်ပွားခဲ့သည်။ ၄င်းဆန္ဒပြပွဲကို မလေးရှားနိုင်ငံအခြေစိုက် အမျိုးသားဒီမိုက်ရေစီအဖွဲ့ လွတ်မြောက်နယ်မြေ (NLD-LA) မှဦးဆောင်းခဲ့သည်ဟု သိရသည်။

    ၄င်းဆန္ဒပြပွဲတွင် စစ်အစိုးရကျင်းပသော ရွေးကောက်ပွဲအား အသိမှတ်မပြု ဆန့်ကျင်ကြောင်းနှင့် ကလေးမြို့တွင်ကျင်းပခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ သဘောတူလက်မှတ်ရေးထိုးခဲ့သော ကလေးကြေငြာစာတမ်းကို ထောက်ခံကြောင်း ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့သည်ဟု (NLD-LA) မှဥက္ကဌ ဦးကျော်ကျော်က ပြောသည်။

    နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြနေသည်မှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသာမက တခြားသော နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများလည်း အသီးသီး ဆန္ဒပြနေကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks