spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမဲရုံအတွက် ကျေးရွာသားများထံ ငွေကြေးကောက်ခံ

    မဲရုံအတွက် ကျေးရွာသားများထံ ငွေကြေးကောက်ခံ

    -

    ကျလွန်းထော -မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မဲရုံဆောက်လုပ်ရန်နှင့် မဲရုံအတွက် လိုအပ်သည်များကို ဝယ်ယူရန် ကျေးရွာဥက္ကဌများက တစ်အိမ် တစ်ထောင်ကျပ်နှုန်း ကောက်ခံနေသည်ဟု သိရသည်။

    မဲရုံအတွင်း လိုအပ်သည့် စာရေးခုံ၊ ထိုင်ခုံနှင့် လျှို့ဝှက်မဲပေးရန်နေရာအတွက် လိုက်ကာများ စသည့်အသုံးဆောင်ပစ္စည်းများကို ဝယ်ယူရန်အတွက် ကျေးရွာသားများထံ ငွေကြေးကောက်ခံရခြင်း ဖြစ်ကြောင်း မုဒုံမြို့နယ်တောင်ပိုင်း ကျေးရွာတစ်ရွာရှိ ဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် ရက်သတ္တပတ်မှ စ၍ မုဒုံမြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီ (မယက) ဥက္ကဌက ကျေးရွာဥက္ကဌများထံသို့ ငွေကြေးကောက်ခံရန် ညွှန်ကြားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကောက်ခံရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

    “မဲရုံပြီးဖို့ လိုအပ်တာအားလုံး ကိုယ့်ရွာနဲ့ကိုယ် ဖန်တီးယူရမယ်လို့ မယကဥက္ကဌက ညွှန်ကြားထားတယ်” ဟု သူက ပြောသည်။

    မုဒုံမြို့နယ်ရှိ ထုံမင်ရွာ၊ ကော့ခပုံရွာ၊ ကွမ်ခဗွီရွာ၊ နိုင်းပြိုင်ရွာ ကွမ်တာရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ကောက်ခံလျက်ရှိကြောင်း သိရသည်။

    အလားတူ ရေးမြို့နယ်ရှိ ပလိုင်ကီးရွာတွင်လည်း မဲရုံဆောက်လုပ်ရန်အတွက် ကျေးရွာဥက္ကဌက တစ်အိမ်တစ်ထောင်ကျပ် ကောက်ခံနေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

    မဲရုံဆောက်လုပ်ရန်အတွက် အချို့မြို့နယ်များတွင် ရွာသားများထံမှ ငွေကြေးကောက်ခံသော်လည်း သံဖြူဇရပ်မြို့နယ်တွင် ကောက်ခံခြင်း မရှိကြောင်း သံဖြူဇရပ်မြို့နယ်ရှိ မဲရုံမှူးတစ်ဦးက ပြောသည်။

    “မဲကော်မရှင်က မဲရုံပြင်ဖို့ ငွေ (၂) သောင်း ပေးထားတယ်၊ ရွာသားတွေဆီမှာ ပိုက်ဆံကောက်စရာ မလိုဘူး၊ ပြီးတော့ မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေကို တစ်ယောက် ကျပ် (၃) ထောင်စီ မဲကော်မရှင်က ပေးတယ်” ဟု ၄င်းမဲရုံမှူးက ပြောသည်။

    မဲရုံအသုံးစရိတ်အတွက် မြို့နယ်တစ်မြို့နယ်လျှင် ပြည်နယ်ရွေးကောက်ပွွဲ ကော်မရှင်က ကျပ်ငွေ သိန်း (၂၀) ပေးဆောင်ထားပြီးဖြစ်ကြောင်း မုဒုံမြို့နယ်မှ မဲရုံမှူးတစ်ဦးက ပြောသည်။ သို့သော် မြို့နယ်တစ်မြို့နယ်အတွင်းရှိ မဲရုံပေါင်းများစွာကို ခွဲဝေပေးရပြီး မလုံလောက်သည့်အတွက် သက်ဆိုင်ရာကျေးရွာအလိုက် ယခုကဲ့သို့ ငွေကြေးကောက်ခံနေရခြင်း ဖြစ်သည်ဟု အထက်ပါ ရယကဥက္ကဌနှင့် နီးစပ်သူက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks