spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလုံခြုံရေးနှင့်တရားမျှတမှု မရှိသည့်ဒေသအဖြစ်သတ်မှတ်မှုကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ

    လုံခြုံရေးနှင့်တရားမျှတမှု မရှိသည့်ဒေသအဖြစ်သတ်မှတ်မှုကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ

    -

    မင်းတော်လဝီ – လုံခြုံရေးနှင့် တရားမျှတမူမရှိသည့်ဒေသအဖြစ် စစ်အစိုးရက သတ်မှတ်လိုက်သည့်အပေါ်  မကျေနပ်သဖြင့် မွန်ပြည်နယ် ရေးချောင်းဖျားဒေသ ကျောင်းရွာအနီးနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံလူထုများ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

    ဆန္ဒပြပွဲကို ကျောင်းရွာ၏အရှေ့ဘက် နှစ်မိုင်ခန့်ဝေးသော နေရာတွင် ဆန္ဒပြပွဲကို  အောက်တိုဘာ (၂၅) ရက်နေ့ နံနက် ၇ နာရီခွဲမှ ၁၀ နာရီအထိပြုလုပ်ကြပြီး ကျောင်းရွာပတ်ဝန်းကျင်ရှိ နတ်ကြီး၊ မင်းသပြေ၊ ကျောက်တိုင်၊ လိပ်ပုတ်၊ ဖလံနှင့် အခြားကျေးရွာ ၂၀ ခန့်မှ ဒေသခံလူထုက ၄င်းတို့အစီအစဉ်ဖြင့် လာရောက်ဆန္ဒပြသည်ဟု လိပ်ပုတ်ရွာသားတစ်ဦးက ပြောသည်။

    ဆန္ဒပြပွဲကို ကျေးရွာဥက္ကဋ္ဌ၊ ကျောင်းဆရာ/မများက ဦးဆောင်ပြီး ဆန္ဒပြပွဲမှာဆိုင်းဘုတ် ပိုစတာများကို ကိုင်ဆောင်ကာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ဖေါ်ဆောင်ပေးရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအလိုမရှိနှင့် တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိရေး စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ကြသည်ဟု လိပ်ပုတ်ရွာသားက ပြောသည်။

    “ကျနော်တို့ဒေသကို လုံခြုံရေးနဲ့ တရားမျှတမှုမရှိဘူးလို့ သတ်မှတ်တာ မတရားဘူး ကရင်ပါတီဝင် အရွေးခံမယ့်နေရာကို ကရင်ပါတီအနိုင်ရသွားမှာစိုးလို့ဖြစ်မယ်” ဟု မူလတန်း ကျောင်းဆရာတစ်ဦးက ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထုတရပ်လုံးအတွက် မည်သို့မျှ အကျိုးမရှိဘဲ စစ်ကျွန်ဘဝရောက်ရှိသွားအောင် တရားဝင်အသိအမှတ်ပြုပေးသည်ပွဲ ဖြစ်သည့်အပြင် ကရင်လူထု အများဆုံးနေထိုင်သည့် ကျေးရွာများကို လုံခြုံရေးနှင့်တရားမျှတမှု မရှိသည့်ဒေသအဖြစ် သတ်မှတ်လိုက်သည့်အတွက် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်သည်ဟု ဦးဆောင်သည့် ကျေးရွာဥက္ကဋ္ဌတစ်ဦးက ပြောသည်။

    “ပြည်သူနဲ့တိုင်းရင်းသားတွေရဲ့ အခွင့်အရေးမပါဘဲ စစ်တပ်အကျိုးအတွက်နဲ့ စစ်အုပ်ချုပ် ရေးကို သက်ဆိုးရှည်မဲ့ရွေးကောက်ဖြစ်လို့ ဒါကိုဆန့်ကျင်ဆန္ဒပြတာ” ဟု မင်းသပြေရွာမှ ဆန္ဒလာပြသည့် ရွာသားတစ်ဦးက ပြောသည်။

    ဆန္ဒပြပွဲတွင် ပါဝင်နေသော ကျောက်တိုင်ရွာက ကျေးရွာလူကြီးတစ်ဦးက “စစ်အာဏာရှင်စနစ်စမြစ်ပြတ်တဲ့အထိ ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားမယ်” ဟုပြောသည်။

    ထိုနည်းတူစွာ နတ်ကြီးရွာက မွန်အမျိုးသမီးကလည်း “စစ်တပ်က အမျိုးသမီးတွေကို နှောင့်ယှက်ဖျက်ဆီးတဲ့ ဒဏ်ကို ရေးမြို့နယ်တောင်ပိုင်းရွာတွေမှာ အမြဲကြုံတွေ့နေရတယ်၊ သူတို့ပါတီတရားဝင်အုပ်ချုပ်ခွင့်ရသွားရင် ဒီထက်ပိုလာမှာ စိုးလို့အခုလုပ်မယ့် ရွေးကောက် ပွဲကို လာပြီးကန့်ကွက်ဆန္ဒပြတာပဲ” ဟု ပြောသည်။

    အောက်တိုဘာ ၂၅ နေ့တွင် ကရင်နယ် ကြားအင်းဆိပ်ကြီးမြို့နယ် ဖာသလယ်ကျေးရွာ၌ လူထူအင်အား ၇၀၀ ခန့် အလားတူကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ကြသည်ဟု ပဒိုစောထဲနေက ဆက်ပြောသည်။

    “ဒီလိုမျိုး လူထုတွေ ကန့်ကွက်ဆန္ဒပြရတာက တိုင်းရင်းသားအများစုရှိတဲ့ဒေသကို စစ်အစိုးရ ကျောထောက်နောက်ခံကြံ့ခိုင်ရေးပါရတီလိုပါတီက ဝင်ရွေးမယ်ဆိုရင်မဲရမှာ မဟုတ်ဘူးလေ။ ကရင်လူထုက ကရင်ပါတီကိုပဲ မဲပေးကြမှာ၊ သူတို့ကြံ့ဖွံ့လိုပါတီမျိုး ဘယ် လိုလုပ်ပြီးနိုင်မှာလဲ မနိုင်တော့မယ့်အတူတူ ကရင်ပါတီလည်းမဲဆန္ဒနယ်မြေအဖြစ်မရ သွားအောင် လုံခြုံရေးနဲ့တရားမျှတမှု မရှိဘူးလို့ တမင်သတ်မှတ်လိုက်တာပါ။ ကြားအင်းဆိပ်ကြီးမြို့နယ် မှာဆို ရွာပေါင်း ၄၀ ကျော်သတ်မှတ်လိုက်တာ ကရင်ပါတီရော ကရင်လူထုအတွက် နစ်နာသွားအောင်လုပ်လိုက်တာပါပဲ” ဟု ကေအင်ယူ ဒူပလာယာခရိုင်ပြန်ကြားရေးမှ ဖဒိုစောထဲနေက ပြောပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks