Monday, March 16, 2026
More
    spot_img
    Homeသတင်းမွန်ခွဲထွက်အဖွဲ့ လက်နက်အပ်ပြီ

    မွန်ခွဲထွက်အဖွဲ့ လက်နက်အပ်ပြီ

    -

    မွန်ငြိမ်ချမ်း ကာကွယ်ရေး တပ်ဖွဲ့ တံဆိပ်

    အာကာ – ရွေးကောက်ပွဲ မတိုင်မီ ဌာနေပြည်သူ့စစ် ဖွဲ့ရန် အချိန်အတန်ကြာ လုံးပန်းနေသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့တွင် စစ်အစိုးရထံ လက်နက်အပ်လိုက်ပြီ ဖြစ်သည်။

    လူအင်အား (၁၂၅) ဦး၊ လက်နက်အင်အား (၅၇) လက်နှင့်အတူ လက်နက်အပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီခန့်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချူပ် (ရတခ) ၌ ပြုလုပ်ခဲ့ပြီး၊ ယခင် ရတခ တိုင်းမှူး ယခု ကစထ (၄) မှူး ဗိုလ်ချုပ်သက်နိုင်ဝင်း အပါအဝင် စစ်အရာကြီးများလည်း တက်ရောက်ခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

    “ဝတ်စုံကတော့ နယ်ခြားစောင့်တပ် ဝတ်စုံပဲ၊ ဒါပေမဲ့ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘာ့ကြောင့်လဲ ဆိုတော့ အင်အားက မပြည့်ဘူးလေ၊ အခုက လက်နက်ပဲ အပ်သေးတာ၊ နယ်ခြားစောင့်တပ် ဖွဲ့မှာလား၊ ဌာနေပြည်သူ့စစ်ပဲ ဖွဲ့မှာလားဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

    နယ်ခြားစောင့်တပ် တစ်တပ်တွင် အင်အား (၃၂၆) ဦး ပါဝင်ရမည် ဖြစ်ပြီး ၎င်းတွင်  အုပ်ချုပ်ရေးစသည့် အရေးကြီးသည့် နေရာများနှင့် ရုံးတာဝန်များတွင် မြန်မာ့တပ်မတော်မှ အရာရှိ (၃၀) ခန့် ပါ၀င်မည် ဖြစ်သည်။

    လက်နက်အပ်ပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်သက်နိုင်ဝင်းက ငွေကျပ် သိန်း (၁၅၀) ကို ထောက်ပံ့ခဲ့ပြီး၊ ယနေ့ နေ့လည်ခန့်တွင်လည်း ရတခ ဒု-တိုင်းမှူး ကရင်ပြည်နယ် ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းက ငွေကျပ် သိန်း (၃၀)၊ ဆန်အိတ် (၂၀၀) နှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ခဲ့ကြောင်း ၎င်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အခု လက်နက်ကိုင်ခွင့် မရှိတော့ဘူး၊ ရွေးကောက်ပွဲ လွန်မှ လက်နက်ကိုင်ခွင့် ပေးမယ်လို့ စစ်အရာရှိတွေက ပြောတယ်” ဟု လက်နက်အပ် တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ၎င်းက ပြောသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို ဌာနေပြည်သူ့စစ် ဖွဲ့ရန် စစ်အစိုးရက (၂၀၀၉) ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဖိအားပေးခဲ့သော်လည်း အင်အားမပြည့်မီခြင်းကြောင့် အချိန်ကြန့်ကြာခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချူပ် နိုင်အောင်နိုင်က (၂၀၀၈) ခုနှစ် နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းကွယ်လွန်ပြီးချိန် (၂၀၁၀ ခုနှစ် သြဂုတ်လ) မှ စ၍ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ဗိုလ်မှူးကြီးဟောင်း နိုင်ရှောင်းက ဥက္ကဌ အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks