spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းအဖွားအိုတစ်ဦးအား စစ်အစိုးရတပ် ဓားပြတိုက် သတ်ဖြတ်

    အဖွားအိုတစ်ဦးအား စစ်အစိုးရတပ် ဓားပြတိုက် သတ်ဖြတ်

    -

    အာကာ – တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ ကျောက်ကဒင်ရွာမှ  အဖွားအိုတစ်ဦးအား စစ်အစိုးရ ခြေလျင်တပ်ရင်း (၁၀၃) မှ စစ်ဗိုလ်တစ်ဦးနှင့် တပ်သားများက ဓားပြတိုက် သတ်ဖြတ်ခဲ့သည်။

    အသတ်ခံရသူမှာ အသက် (၆၈) နှစ် အရွယ်ရှိ မိကြည် ဖြစ်ပြီး ခလရ (၁၀၃) လှုပ်ရှားတပ်ရင်းမှ ဗိုလ်ကျော်ညွန့်နှင့် တပည့်တပ်သား သုံးဦးတို့က အောက်တိုဘာလ (၁) ရက်နေ့ ည (၁၁) နာရီအချိန်တွင် ဓားပြတိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အသတ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

    သူက “အဖွားဟာ မုဆိုးမ၊ သူ့အိမ်မှာဆို ၁၂ နှစ် အရွယ်လောက် ရှိတဲ့ မြေးမလေး တစ်ယောက်ပဲ ရှိတယ်၊ ကလေးက အဖွားနဲ့အတူ အိပ်တယ်။ ဓားပြတိုက်တဲ့အချိန်မှာ မြေးမလေးက ကြောက်ပြီး ပုန်းနေတယ်၊ အော်လည်း မအော်ရဲဘူး” ဟု ပြောသည်။

    အဖွားအိုအား အိမ်ပေါ်တွင် ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး နားကပ်တစ်ရံ၊ လက်စွပ် နှစ်ကွင်း နှင့် ငွေ (၈၅၀၀) ကျပ် ပါသွားခဲ့ကြောင်း မြေးမလေးထံမှ တဆင့် သိရှိရသည်ကို သူက ပြန်လည် ပြောပြသည်။

    မိကြည် သေဆုံးပြီးနောက်တွင် မြေးမလေးထံမှတဆင့် သတင်းပေါက်ကြားခဲ့သဖြင့် လူကြီးရောဂါဖြင့် သေဆုံးကြောင်း သတင်းဖြန့်ရန် ၎င်းတပ်ရင်းက ကျေးရွာဥက္ကဌအား ခြိမ်းခြောက် အမိန့်ပေးခဲ့ကြောင်း ရွာသားများက ပြောသည်။

    သေဆုံးသူအတွက် ရက်လည်ဆွမ်းကျွေးရန် ချက်ပြုပ်နေစဉ် အောက်တိုဘာလ (၉) ရက် ည (၈) နာရီခွဲခန့် အချိန်တွင်လည်း ၎င်းတပ်ရင်းမှ စစ်သားများက ၎င်းရွာရှိ မိအွန်း အိမ်သို့ တက်ရောက်ခဲ့ပြီး အိမ်ရှင်က ကြောက်လန့် အကူအညီတောင်းရာမှ စစ်သားများ အိမ်မှာ ထွက်ခွာသွားခဲ့ကြောင်း ရွာသားများက ပြောသည်။

    ၎င်းည (၁၀) နာရီခွဲခန့်တွင်ပင် စစ်သားများက အခြားမုဆိုးမတစ်ဦး ဖြစ်သည့် မိမြင့် အိမ်သို့ တဖန်တက်ရောက်ခဲ့ပြီး အိမ်ရှင်က အော်ဟစ် အကူအညီတောင်းရာမှ အိမ်အနီးရှိ တူတော်စပ်သူ နိုင်မွန်ထောက လာရောက် ကူညီခဲ့ကြောင်း၊ စစ်သားများက နိုင်မွန်ထောအား ဖမ်းဆီး ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းကွဲပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ ထွက်ပြေးချိန်တွင် စစ်သားများက သေနတ်လေးချက် ပစ်ခတ်ခဲ့ကြောင်း၊ သို့သော်လည်း နိုင်မွန်ထောမှာ ဒဏ်ရာမရဘဲ လွတ်မြောက်သွားခဲ့ကြောင်း ရွာသားများက ပြောသည်။

    ယခုအချိန်တွင် နိုင်မွန်ထောမှာ ကြောက်လန့်ပြီး ရွာမှ တိမ်းရှောင်နေရကြောင်း သိရသည်။
    (၂ဝ၁ဝ) နှစ်ဆန်းပိုင်း ဖေဖေါ်ဝါရီလအတွင်း၌ ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံသည့် ရေဖြူမြို့နယ် အလယ်စခန်းရွာသား (၄) ယောက်ကို ခမရ (၂၈၂) တပ်ရင်းမှ ဖမ်းဆီးခဲ့ပြီး ရွာသားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။

    ရေး-ထားဝယ် ကားလမ်းနဘေးရှိ ကျောက်ကဒင်ရွာတွင် အိမ်ခြေ (၃၀၀) ခန့် ရှိပြီး မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့များ လှုပ်ရှားရာ အရပ်နှင့် စစ်အစိုးရ လှုပ်ရှားတပ်ရင်းများ အခြေချရာလည်း ဖြစ်သည်။ ခလရ (၁၀၃) သည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ဖြစ်ပြီး မိခင်တပ်ရင်းမှာ မြိတ်မြို့တွင် အခြေချထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts