Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်အား တရားမဝင်ပါတီအဖြစ် စစ်အစိုးရ သဘောထား

    မွန်ပြည်သစ်အား တရားမဝင်ပါတီအဖြစ် စစ်အစိုးရ သဘောထား

    -

    အာကာ – တရားဝင် ပါတီ မဟုတ်တော့သည့်အတွက် မွန်ပြည်သစ်ပါတီ မြို့ပေါ်ရုံးများ၏ လူဝင်လူထွက် ဧည့်စာရင်းများကို တိုင်ကြားရမည်ဟု ယခုရက်ပိုင်းအတွင်း စစ်အစိုးရမှ ဖိအားပေး အကျပ်ကိုင်လာခဲ့သည်။

    “မွန်ပြည်သစ်ပါတီဟာ တရားဝင်ပါတီ မဟုတ်တော့ဘူး၊ ရုံးကလည်း တရားဝင် မဟုတ်တော့ဘူး၊ ဒါ့ကြောင့် ကျနော်တို့ရုံးမှာ ဝင်ထွက်နေတဲ့ ဧည့်သည်တွေရဲ့ ဧည့်စာရင်းကို တိုင်ရမယ်လို့ သူတို့ ပြောလာတယ်” ဟု မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    စစ်အစိုးရ ဖိအားပေး တောင်းဆိုထားသည့် လက်နက်အပ်ရေး အစီအစဉ်ကို မွန်ပြည်သစ်ပါတီက လက်မခံနိုင်ကြောင်း အကြောင်းပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဧည့်စာရင်း တိုင်ကြားရန် ထပ်မံဖိအားပေး အကြောင်းကြားလာခြင်း ဖြစ်သည်။

    (၁၉၉၅) ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးနှင့် ဘုရားသုံးဆူမြို့များတွင် မွန်ပြည်သစ်ပါတီရုံးများကို နှစ်ဖက် သဘောတူညီချက်ဖြင့် ဖွင့်လှစ် ထားရှိခဲ့သော်လည်း ယခုကဲ့သို့ ဧည့်စာရင်း တိုင်ကြားရန် အကြောင်းကြားလာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

    ယခုကဲ့သို့ ပြုမူခြင်းသည် မွန်ပြည်သစ်ပါတီအား တရားမဝင် ပါတီအဖြစ် သတ်မှတ်လိုက်သည့် အဓိပ္ပါယ် သက်ရောက်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    “မြို့ပေါ်မှာ ရှိတဲ့ ကျနော်တို့ ပါတီဝင်တွေဟာ အရပ်သားတွေလို နေနေရတယ်” ဟု သူက ပြောသည်။
    ယခုကဲ့သို့ ဖိအားပေး ခံရခြင်းမှာ မွန်ပြည်သစ်ပါတီ အပါအဝင် ဖြစ်သည့် မွန်အမျိုးသား ရေးရာ အဖွဲ့ချုပ်က စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ရန် လှုပ်ဆော်ခဲ့သည့် ထုတ်ပြန်ချက်၏ အကျိုးဆက် ဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။

    (၂၀၁၀) ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့်အတွက် ပြည်သူလူထုများ မဲရုံကို မသွားရန် နှင့် ရွေးကောက်ပွဲ ပျက်ပြားရန်အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်သွားရန် မွန်အမျိုးသား ရေးရာ အဖွဲ့ချုပ်က စက်တင်ဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    သြဂုတ်လ (၂၃) ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီအား စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ လက်နက်စွန့်လွှတ်ရမည် ဖြစ်ကြောင်း၊ လက်နက်မစွန့်လွှတ်ပါက ယခင်လက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံခြင်း ပြုမည် မဟုတ်ကြောင်း ဖိအားပေးပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီကလည်း စစ်မှန်သော ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မဖြစ်ပေါ် မပြီးပြတ်သေးပါက တပ်အသွင်ကူးပြောင်းရေးနှင့် လက်နက်စွန့်လွှတ်ရေးကို လက်မခံနိုင်ကြောင်း စက်တင်ဘာလ (၁) ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်။

    နှစ်ဦးနှစ်ဘက် တင်းမာနေသည့် ဆက်ဆံရေး အခြေအနေကြောင့် စစ်အစိုးရ၏ လှုပ်ရှားမှုကို သတိကြီးစွာ စောင့်ကြည့်နေရကြောင်း မွန်ပြည်သစ်ပါတီ တပ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks