လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များကို နိုဝင်ဘာရွေးကောက်ပွဲ ပြီးလျှင် မြန်မာနိုင်ငံသို့ ပြန်ပို့မည့် သတင်းများပေါ်ထွက်လာပြီးနောက် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အများစုက မပြန်လိုကြကြောင်းသိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဘန်တွန်းယမ်ဒုက္ခသည်စခန်းမှဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက်အခြေချလိုကြပြီး ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးမှ သတင်းထွက်ပေါ်လာသည့်အတွက် ဒုက္ခသည်အများစုက စိတ်ဆင်းရဲနေ ကြသည်ဟု စခန်းမှာ ၁ဝ နှစ်ကြာ နေထိုင်ခဲ့သူ ကရင်အမျိုးသမီး နော်ဖောမူက ပြောသည်။
“ကျမနဲ့ ကျမယောင်္ကျားက ထိုင်းနယ်စပ်ကို ၁၉၉ရ ခုနှစ်က ရောက်လာပြီးတော့ ဒီစခန်းကို ၂ဝဝဝ ခုနှစ်က ဒုက္ခသည်အဖြစ်နေခွင့်ရတယ်၊ ယခုကလေး သုံးယောက်ရှိသွားပြီး ရွာကိုပြန်တော့ ဘာမှလုပ်စားစရာလဲ မရှိတော့ဘူး၊ တတိယနိုင်ငံ တခုခုကိုပဲရောက်ဖို့ စောင့်နေတာ အခုအခြေအနေမျိုးက ဘာလုပ်ရမှန်းတောင်မသိတော့ဘူး” ဟု သူမက ဆက်ပြောသည်။
တချို့ဒုက္ခသည်များပြန်နိုင်ကြပေမယ့် တချို့ဒုက္ခသည်များသည် စစ်အစိုးရကိုဆန့်ကျင်ခဲ့ သည့်နိုင်ငံရေးပါတီမှပုဂ္ဂိုလ်များ၊ တချို့ လက်နက်ကိုင်အဖွဲ့မှ အနားယူပြီး ဒုက္ခသည်အဖြစ် ခံယူပြီးနေထိုင်သူများလည်း ပါဝင်ပါသည်။
“ပြန်ပို့မယ့်အစီအစဉ်ကတော့ အထူးသဖြင့် နိုင်ငံရေးဒုက္ခသည်တွေအနေနဲ့တော့ စစ်အစိုးရနဲ့ ပြေလည်မှုမရသည့်အချိန်မှာ သူတို့ဒုက္ခပေးလာမှာကို စိုးရိမ်ရတယ်” ဟု နိုင်ငံရေးဒုက္ခသည်အဖြစ် ခံယူထားသူ ဘန်တွန်းယန်စခန်းမှ ဦးဗထူးလေးက ပြောသည်။
ဘန်တွန်းယမ်စခန်းတွင် မှီတင်းနေထိုင်ကြသူများသည် နေထိုင်စားသောက်ရေးကိစ္စများတွင် အဖွဲ့အစည်းများ၊ အန်ဂျီအိုများမှ သူညီစောင့်ရှောက်မှုများ ကောင်းပြီး၊ ရိက္ခာနဲ့ဆေးဝါး ပစ္စည်းများပုံမှန်ရနေသည်းဟုလည်း စခန်းတွင် (၁ဝ)နှစ်ကြာနေထိုင်သည့် နော်ဖေါမူးကပြောသည်။
“အမှန်တော့ ဒုက္ခသည်တွေဟာ စစ်ဒဏ်ခံခဲ့ရတဲ့ဒုက္ခသည်တွေ အများစုပါ။ ဒီလိုနေရပ်ကို ပြန်ပို့တဲ့ကိစ္စတွေဟာ ချက်ချင်းလုပ်လို့ ရမှာမဟုတ်ဘူး။ ဒုက္ခသည်တွေကလည်း လက်မခံကြပါဘူး၊ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်နဲ့ သူ့တို့ရဲ့လုံခြုံမှုကို မပေးနိုင်သေးဘဲနဲ့ ပြန်ပို့မယ်ဆိုရင် သက်ဆိုင်ရာအခွင့်အရေးတွေလည်းရှိတယ်။ UNHCR လည်းရှိနေတော့ ကျနော်တို့ ဆက်လက်တင်ပြမှာပါ” ဟု မယ်လဒုက္ခသည်စခန်း၏ဇုံဘီမှ တာဝန်ခံက ပြောသည်။
ဘန်တွန်းယန်ဒုက္ခသည်စခန်းတွင် ယာယီနေထိုင်သူ၊ ထိုင်းအစိုးရအသိအမှတ်ပြုနေထိုင်သူနှင့် ထိုင်းအစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့ အသိအမှတ်ပြု နေထိုင်သူများရှိကြပြီး ကရင်၊ ထားဝယ်နှင့် မွန်လူမျိုးများဖြစ်ကြသည်။ ထိုစခန်းတွင် အိမ်ခြေ ၈ဝဝ ခန့်ရှိပြီး လူဦးရေ ၄ဝဝဝ ကျော်ရှိနေသည်။
ဘန်တွန်းယန်ဒုက္ခသည်စခန်းသည် ထိုင်း-မြန်နယ်စပ် ၁၉၉ရ ခုနှစ်တွင် တည်ထောင်ခဲ့သော စခန်းဖြစ်သည်။
ထိုင်း မြန်မာနယ်စပ်တလျှောက်ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း၏ ၂၀၀၇ အစီရင်ခံစာအရ စစ်တပ်၏ တန်ပြန်သောင်းကျန်းသူနှိမ်နင်းရေး မဟာဗျူဟာ၏အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် တိုင်းပြည်အတွင်း အခြေမဲ့မှု၏ အဓိကအကြောင့်အရင်း တစ်ခုဖြစ်သည့်အပြင် လူသားမျိုးနွယ်တခုလုံးအား ဆန့်ကျင်သော ပြစ်မှုအားကျုးလွန်ခြင်းလည်း ဖြစ်ကြောင်း တွေ့ရသည်။
ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသော မြန်မာတိုင်းရင်းသား ဒုက္ခသည်ပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိကြောင်း ဒုက္ခသည်များကို ကူညီထောက်ပ့ံရေး အဖွဲ့အစည်းများ၏ မှတ်တမ်းအရ သိရသည်။