spot_img
Wednesday, January 28, 2026
More
    spot_img
    Homeသတင်းမွန် ခရီးသည်တင်ကား အခြားကားများထက် စစ်ဆေးခံရ

    မွန် ခရီးသည်တင်ကား အခြားကားများထက် စစ်ဆေးခံရ

    -

    တလမွန် ခရီးသည်တင် အထူးဘတ်စ်ကား ပြေးဆွဲသည့် ဖွင့်ပွဲအခမ်းအနား သံဖြူဇရပ်မြို့

    အာကာ – မွန်ပြည်နယ်မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် မွန်တိုင်းရင်းသားပိုင် တလမွန်ကုမ္ပဏီမှ ခရီးသည်တင် အထူးဘတ်စ်ကားကြီးများ အခြားကားများထက် လမ်းတလျှောက်တွင် ပိုမိုစစ်ဆေးခံနေရကြောင်း ခရီးသွားများက ပြောသည်။

    မော်လမြိုင်မှ ရန်ကုန်သို့ သွားသည့် ခရီးသည်တစ်ဦးက “တခြားကားတွေကို ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် စစ်ရင် တလမွန်ကားကို နာရီဝက်လောက် စစ်တယ်” ဟု ပြောသည်။

    ရွေးကောက်ပွဲ အကြိုကာလ ဖြစ်သည့်အတွက် အာဏာပိုင်များက မော်လမြိုင်-ရန်ကုန် အဝေးပြေး ကားများကို ပိုမိုစစ်ဆေးလာကြောင်း၊ သို့သော်လည်း တလမွန် ကုမ္ပဏီပိုင် အဝေးပြေး ကားများကို အခြားကားများထက် ပိုမိုစစ်ဆေးကြောင်း ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ကျမတို့ ကားက မွန်ကား ဖြစ်တော့ ပိုပြီး စစ်တာပေါ့” ဟု သူမက ပြောသည်။

    တလမွန် ကုမ္ပဏီ လီမိတက်ကို မွန်စီးပွားရေး လုပ်ငန်းရှင်များဖြင့် စုပေါင်း ဖွဲ့စည်းထားခြင်းကြောင့်  မွန်လူမျိုးများ အထူးအားပေးကြကြောင်း၊ ယခုကဲ့သို့ အခြားကားများထက် စစ်ဆေး မေးမြန်း ရှာဖွေမှု ပြုခြင်းမှာ မိမိတို့ ကားများကို ခရီးသည်များ မစီးဝံ့အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း မော်လမြိုင်မြို့မှ အခြား ရှယ်ယာဝင်သူတစ်ဦးက ပြောသည်။

    သူက “အဓိကကတော့ ကျနော်တို့ မွန်စီးပွားရေး လုပ်ငန်းရှင်တွေကို မွန်လူမျိုးတွေ ငြီးငွေ့အောင် လုပ်တာပဲ” ဟု ပြောသည်။

    တလမွန် ကုမ္ပဏီ လီမိတက်ကို (၂၀၀၉) ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Traders Hotel တွင် စတင်ဖွဲ့စည်းခဲ့ပြီး မွန်မိသားစုများ၏ စီးပွားရေးလုပ်ငန်း အထောက်အကူပြုရန်၊ မွန်မိသားစု အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေး ကွန်ရက်ကြီး ကြီးထွားလာစေရန်၊ အများအကျိုးပြု လူမှုလုပ်ငန်းများတွင် ကူညီထောက်ပံ့ရန် စသော ရည်ရွယ်ချက်များဖြင့် ဖွဲစည်းခဲ့ကြောင်း ကုမ္ပဏီ အထွေထွေ မန်နေဂျာ နိုင်ချစ်ဖေ က ပြောသည်။

    ကုမ္ပဏီ၏ ပထမလုပ်ငန်းစဉ်အဖြစ် Express ခရီးသည်တင် ဘတ်စ်ကားကြီး လေးစီးဖြင့် သံဖြူဇရပ်- ရန်ကုန်၊ မော်လမြိုင်- ရန်ကုန်သို့ စက်တင်ဘာလ (၂၇) ရက်နေ့မှ စတင်ပြေးဆွဲလျက် ရှိပြီး၊ နောင်တွင် ဆေးပစ္စည်း ဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုး၊ ယာဉ်နှင့် စက်ကိရိယာ အမျိုးမျိုး ကြံ့ခိုင်မွမ်းမံခြင်းနှင့် ပြင်ဆင်ခြင်း၊ အိမ်ဆောက်ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

    အစုရှယ်ယာ တစ်စုလျှင် ကျပ်ငါးသိန်း သတ်မှတ်ထားပြီး အမြင့်ဆုံး တစ်ဦးလျှင် (၁၀) ရှယ်ယာ ကျပ်သိန်းငါးဆယ်ထိ ထည့်ဝင်နိုင်ကြောင်း၊  အစုရှယ်ယာ ပေါင်း (၂ဝဝဝဝ) အထိ လက်ခံသွားမည်ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသားများ အစုရှယ်ယာ ထည့်ဝင်နိုင်ကြောင်း နိုင်ချစ်ဖေ က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks