spot_img
Monday, July 14, 2025
More
    spot_img
    Homeသတင်းမွန်ပါတီ စည်းရုံးရေး ခရီးစဉ်တွင် ရယက နှောင့်ယှက်

    မွန်ပါတီ စည်းရုံးရေး ခရီးစဉ်တွင် ရယက နှောင့်ယှက်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စည်းရုံးမဲဆွယ်နေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးကပါတီက ကျေးရွာဥက္ကဌမှတဆင့် စည်းရုံးရေး မလုပ်ရန် တားဆီးလျက် ရှိသည်။

    စည်းရုံးရေးဆင်းသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အဖွဲ့ဝင်များကို ရယက ဥက္ကဌမှ ခေါ်တွေ့ပြီး စည်းရုံးရေးဆင်းရန် အချိန်မရောက်သေးသဖြင့် ကျေးရွာအတွင်း စည်းရုံးရေး မဆင်းရန် တားဆီးလာသည်ဟု စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။

    “တချို့ရွာမှာတော့ ရွာစာရေးကနေ တားတာလည်း ရှိတယ်။ ပါတီအတွက်တော့ အနှောင့်အယှက် ဖြစ်တာပေါ့၊ အခုဆို အသိအိမ်တွေမှာ လူစုပြီးတော့ တိတ်တဆိတ်နဲ့ စည်းရုံးနေရတယ်၊ မွန်ပါတီက ဒီလိုလုပ်နေရတဲ့အချိန်မှာ ကြံ့ဖွံ့ပါတီက စည်းရုံးနေတာကို ဥက္ကဌက မတားတဲ့အပြင် တချို့ရွာတွေမှာဆို ရယကရုံးတွေမှာတောင် လူစုပြီးတော့ စည်းရုံးနေတယ်” ဟု အထက်ပါ စည်းရုံးရေးမှူးက ပြောသည်။

    ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ထားသည့် ကန့်သတ်ချက်အတိုင်းသာ စည်းရုံးရေး ဆင်းနေသော်လည်း ယခုကဲ့သို့ နှောင့်ယှက်ခြင်းမျိုး ရှိနေဆဲ ဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

    ၄င်းပြင် ပါတီမှ စည်းရုံးရေးဆင်းရာတွင် အာဏာပိုင်တို့က စောင့်ကြည့်ခြင်းများ၊ စည်းရုံးရေးဆင်းရာတွင် လူစုသည့် အိမ်များကို ခေါ်ပြီး စစ်မေးခြင်းများ၊ နောက်ထပ်မလုပ်ရန် ပြောဆိုခြိမ်းခြောက်ခြင်းများ ရှိကြောင်း ဒေသခံတို့က ပြောသည်။

    ပါတီခေါင်းဆောင်ဖြစ်သည့် နိုင်ငွေသိန်းက ဘယ်လိုအခြေအနေ ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် လုံ့လဝီရိယနဲ့ ရင်ဆိုင်သွားပြီး အခက်အခဲတွေကြားက စည်းရုံးရေးကို လုပ်ဆောင်သွားမည်ဟု ပြောသည်။

    ယခုကဲ့သို့ စည်းရုံးရေး ခရီးစဉ်တစ်လျှောက် နှောင့်ယှက်တားဆီးမှုများ ရှိသော်လည်း စည်းရုံးရေး ခရီးစဉ်တွင် မွန်ပြည်သူလူထု၏ ထောက်ခံအားပေးမှု အပြည့်အဝ ရရှိကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

    မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလောင်း ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

    ယခုကဲ့သို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက စည်းရုံးရေး ခရီးစဉ်တွင် နှောက်ယှက်ခံနေရသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးကပါတီက ၄င်းနှင့် နီးစပ်သူများကို ဖုန်း၊ လောင်းကစားဝိုင်း၊ ချဲရောင်းခွင့်များ ပေးပြီး စည်းရုံးနေကြောင်း ဒေသခံများက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကဲ့သို့ ရွေးကောက်ပွဲဝင်မည့် အခြားတိုင်းရင်းသား နိုင်ငံရေးပါတီများလည်း စည်းရုံးရေး ခရီးစဉ်တွင် နှောင့်ယှက်ခံနေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts