Homeသတင်းအရှင်ဥက္ကံသအား ထောင် (၁၅) နှစ် ချ

အရှင်ဥက္ကံသအား ထောင် (၁၅) နှစ် ချ

-

အာကာ – အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် အရှင်ဥက္ကံသ ခေါ် ဦးဇင်းဇော်လတ်အား အင်းစိန်ထောင် အထူးတရားရုံးမှ ယနေ့တွင် ထောင်ဒဏ် (၁၅) နှစ် ချမှတ်လိုက်ကြောင်း အကျိုးဆောင်ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က)/၃၈ ဖြင့် (၁၀) နှစ်၊ တရားမဝင် ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ ဖြင့် (၄) နှစ်၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် (၁) နှစ် စုစုပေါင်း ထောင်ဒဏ် (၁၅) နှစ် ကျခံရမည် ဖြစ်သည်။

၃၃ (က)/၃၈ ဖြင့် (၁၅) နှစ်၊ ၁၇/၂၀ ဖြင့် (၇) နှစ်၊ ၅၀၅ (ခ) ဖြင့် (၂) နှစ် စုစုပေါင်း (၂၄) နှစ် ကျခံနိုင်သော်လည်း လျှော့ပေါ့ချမှတ်ခြင်းကြောင့် (၁၅) နှစ်သာ ကျခံရကြောင်း၊ သို့သော်လည်း ခိုင်လုံသော အထောက်အထား မရှိပဲ ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

”ကျမတို့ ဥပဒေကြောင်းအရ ပြောရရင်တော့ တရားလိုဘက်ကပေါ့နော် တရားခံ အပြစ်ရှိကြောင်း တိကျခိုင်မာတဲ့ အထောက်အထား မတင်ပြနိုင်ဘူးလို့ပဲ ကျမတို့ ဆိုရမှာပဲ” ဟု သူမက ပြောသည်။

အရှင်ဥက္ကံသတွင် အစာအိမ်ရောဂါ အခံရှိပြီး စစ်ကြောစခန်းတွင် ရိုက်နှက်ခံရသည့် ဒဏ်ကြောင့် အဖျားရောဂါနှင့် ခါးနာရောဂါကိုလည်း ခံစားနေရကြောင်း၊ ယခုတွင် ကျောက်ကပ်ရောဂါကိုလည်း ခံစားနေရကြောင်း နှမဖြစ်သူက ပြောသည်။

သူ့အား မေလ (၁၄) ရက်နေ့မှ စ၍ (၄) လကျော် အင်းစိန်ထောင် အထူးတရားရုံးတွင် အပတ်စဉ် ရုံးတင်စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။

မွန်ပြည်နယ် ချောင်းဆုံမြိ့ုနယ် မုဒွန်းရွာဇာတိ သက်တော် (၃၀) နှစ်ရှိ အရှင်ဥက္ကံသသည် မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အောင်ဇေယျပရိယတ္တိစာသင်တိုက်တွင် လက်ထောက်စာချဆရာတော်တစ်ပါးအဖြစ် ရဟန်းဖြစ်သည်မှ အဖမ်းခံရသည်အထိ (၉) နှစ်ခန့် သီတင်းသုံးခဲ့သည်။

ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ (၇) ရက်နေ့တွင် အရှင်ဥက္ကံသအား (၂၀၁၀) ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် နံရံကပ် စတစ်ကာနှင့်အတူ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်၌ ရဲများက ဖမ်းဆီးခဲ့သည်။

အယူခံ ဝင်နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟု သူ၏ ဆွေမျိုး မိတ်ဆွေများက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts