spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးမြို့ဘက်မှာ စစ်ဆေးရေးတင်းကြပ်နေ

    ရေးမြို့ဘက်မှာ စစ်ဆေးရေးတင်းကြပ်နေ

    -

    ဂျူရီချိုင်း –   မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အထူးသဖြင့် မြို့အဝင်အထွက် ဂိတ်တွေမှာ စစ်ဆေးရေး တင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။

    ယခုလ ပထမအပတ်မှစပြီး သက်ဆိုင်ရာ အာဏာပိုင်တို့က မြို့အဝင်အထွက်ဂိတ်တွေမှာ ဝင်ထွက်သွားလာနေသူများ ကားများကို အထူးတင်းကြပ်စစ်ဆေးနေသည်။

    စစ်ဆေးမှုပြုလုပ်ရာတွင် ယခင်က ပြုလေ့ ပြုထမရှိသည့် ကားမှာပါလာသည့် ခရီးသည်များ မှတ်ပုံတင်ရှိ၊ မရှိ စစ်ဆေး ထုတ်ပြခိုင်းပြီး ဘယ်သွား ဘယ်လာသည်ကိုလည်း စစ်ဆေးမေးမြန်းသည့်အပြင် ကားမှာပါလာသော ပစ္စည်းများကိုလည်း စစ်ဆေးကာ မသင်္ကာဖွယ်ရာ ပစ္စည်းများ တွေ့ရှိပါက ကားသမားကိုပါ အသေအချာ စစ်ဆေးပြီးမှသာ ဂိတ်ဖြတ်ခွင့်ပေးသည်ဟု ရေးမြို့နယ်တောင်ပိုင်းရှိ ခရီးသွားလာနေသူတစ်ဦးက ပြောသည်။

    “ဂိတ်စောင့်သမားတွေပဲမကဘူး စစ်သားတွေ မော်တော်ဘီကယ်တွေလည်း ပါတယ် စစ်တဲ့နေရာမှာ တော်တော်ကိုစစ်ဆေးနေတယ်၊ အရင်ကဆို ကားမှာပါလာတဲ့လူတွေ ပစ္စည်းတွေကို မစစ်ဘူး” ဟု ၎င်းက ပြောသည်။

    ယခင်က တံတားဖြတ်သန်းခ အခွန်ဆောင်ပြီးလျှင် ချက်ချင်း ဖြတ်ခွင့်ရပြီး၊ ယခုအခြေအနေမှာ ကားပေါ်မှာ ပါလာသည့် ခရီးသည်များအပါအဝင် ပစ္စည်းများပါ စစ်ဆေးခံရပြီးမှ ဖြတ်သန်းခွင့်ပြုသည်။

    စစ်ဆေးမှုကြောင့် ကားသမားများလည်း ဆန်အိတ် ၃ အိတ်အထက် ပိုမတင်ရဲကြောင်း ထိုထက်ပိုတင်မိပါက မွန်ခွဲထွက်ရေးအဖွဲ့ကို စားနပ်ရိက္ခာပေးပို့နေသည်ဟု အစွပ်စွဲခံရသည့်အပြင် ကားပြေးဆွဲမှုပါ ရပ်နားရသည်အထိဖြစ်သည်။ စစ်ဆေးရာတွင် အထူးသဖြင့် အမျိုးသားများ ပိုမိုစစ်ဆေးခံရကြောင်း ၎င်းက ပြောသည်။

    ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်တောင်ပိုင်းရှိ ကားလမ်းတလျှောက်တွင်လည်း စစ်အစိုးရတပ်များ ကင်းအစောင့်ချထားကြောင်း သိရသည်။

    အခုလို စစ်ဆေးရေးတင်းကြပ်လာတာဟာ စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့အကြား  တိုက်ပွဲဖြစ်လာနိုင်သည့် အလားအလာကြောင့် ဖြစ်နိုင်သည်ဟု ရေးမြို့ခံတစ်ဦးက သုံးသပ်သည်။

    “ကျနော်တို့ တံထားဖြူဘက်ကို သိပ်မဖြတ်ဘူး ဘာလို့လည်းဆိုတော့ အတော်ကိုစစ်ဆေးနေတယ် ချောင်းတောင်ဘက် ဖြတ်လမ်းကနေပဲ သွားနေကြတယ်” ဟု ၎င်းရေးမြို့ခံက ပြောသည်။

    လက်နက်စွန့်လွှတ်ရမည်ဟု မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရတို့ တောင်းဆိုလာသည်ကို မွန်ပြည်သစ်ပါတီအနေဖြင့် လက်မခံနိုင်ကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် အကြောင်းပြန်ထားပြီးဖြစ်သည့်အတွက်ကြောင့် သွားလာရာတွင် မွန်ပြည်သစ်ပါတီဝင်များ ပါ မပါဆိုသည်ကိုလည်း စစ်ဆေးနေကြောင်း သိရသည်။

    “အခုတလော စစ်ဆေးရေးတော်တော်တင်းတယ်၊ နယ်စပ်ဘက် မြဝတီကနေ မော်လမြိုင်ကိုဆင်းလာတဲ့လမ်း၊ နောက်ပြီး ဘုရားသုံးဆူကို တက်တဲ့လမ်းတွေမှာ စစ်ဆေးတယ်၊ ခရီးဆောင်အိတ်တွေရောဖွင့်တယ် ပါတီကလူတွေ ပါ မပါဆိုတာကိုလည်း မေးတယ်” ဟု ဘုရားသုံးဆူသို့ တက်လာသူတစ်ဦးက ပြောသည်။

    ထိုကဲ့သို့ပင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ဘက်မှာလည်း ယခုတလော စစ်ဆေးမှုများ အထူးတင်းကြပ်ထားပြီး မသင်္ကာမှုများ တွေ့ရှိပါကလည်း ခတ္တခဏ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်သည်အထိ ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks