spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းလုံခြုံရေးကြောင့် နယ်စပ် မွန်တော်လှန်ရေးနေ့ အခမ်းအနား နေရာ ပြောင်းရွှေ့

    လုံခြုံရေးကြောင့် နယ်စပ် မွန်တော်လှန်ရေးနေ့ အခမ်းအနား နေရာ ပြောင်းရွှေ့

    -

    ယခင်နှစ် ဂျပန်ရေတွင်းကျေးရွာတွင် ကျင်းပသည့် မွန်တော်လှန်ရေးနေ့ အခမ်းအနား

    အာကာ – လုံခြုံရေးကြောင့် ယခုနှစ် ဝါခေါင်လပြည့်နေ့ (သြဂုတ်လ ၂၅ ရက်နေ့) တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ နယ်စပ်အခမ်းအနားကို ပါတီ၏ အတွင်းပိုင်းကျပြီး သွားလာရေး ခက်ခဲသော ဗလက်ဒွန်းဖိုက်ကျေးရွာသို့ ပြောင်းရွှေ့ပြုလုပ်မည် ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ အပစ်ရပ်ပြီး နောက်ပိုင်းတွင် ပါတီဗဟိုဝန်းကျင်ဒေသ နယ်စပ်အခမ်းအနားကို ဘုရားသုံးဆူနယ်စပ် အနီးရှိ ဂျပန်ရေတွင်းကျေးရွာတွင် နှစ်စဉ် ကျင်းပလာခဲ့သော်လည်း ဘဏ္ဍာရေး နှင့် လုံခြုံရေးကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    “ဗလက်ဒွန်းဖိုက်ကို ပြောင်းပြီး လုပ်ရတဲ့ အဓိက အကြောင်းရင်းကတော့ လုံခြုံရေးပေါ့နော်၊ နောက်တော့ ဘဏ္ဍာရေး အခက်အခဲနဲ့ အဲဒီဘက်မှာ ရှိတဲ့ ပြည်သူတွေကို ရည်ရွယ်ပြီး လုပ်တာလည်း ဖြစ်တယ်” ဟု  ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား ဆက်ဆံရေး မပြေလည်ခြင်း၊ ဘုရားသုံးဆူမြို့အနီးတွင် မကြာခဏ ဗုံးပေါက်ကွဲခြင်းတို့ကြောင့် လုံခြုံရေးအရ အခမ်းအနားကို နေရာပြောင်းရွှေ့ ကျင်းပခြင်း ဖြစ်နိုင်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီနှင့် နီးစပ်သူများက ပြောသည်။

    (၁၉၉၅) ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့သော မွန်ပြည်သစ်ပါတီက စစ်အစိုးရ၏ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း မရှိလျှင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊ စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ် အသွင်ပြောင်းခြင်းတို့ကို လက်မခံခြင်းတို့ကြောင့် နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာခဲ့သည်။

    ယခင်နှစ်များတွင် နယ်စပ်အခမ်းအနားကို စစ်ကြောင်းများ ချီတက်ခြင်းနှင့် စစ်ရေးပြ အခမ်းအနားများဖြင့် စည်ကားစွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် စစ်ကြောင်းများ ချီတက်ခြင်း မရှိပဲ အကျဉ်းရုံး၍သာ ကျင်းပမည် ဖြစ်သည်။

    ယခင် ဂျပန်ရေတွင်း နယ်စပ်အခမ်းအနားသို့ ဘုရားသုံးဆူ ဝန်းကျင်ဒေသနှင့် ထိုင်းနိုင်ငံမှ မွန်လူမျိုး အများအပြား တက်ရောက်ခဲ့ကြသော်လည်း ယခုနှစ်တွင် သွားလာရေး ခက်ခဲမှုကြောင့် အနည်းအကျဉ်းသာ တက်ရောက်နိုင်မည် ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးကော်မတီက ခန့်မှန်းထားသည်။

    ထို့အတူ ပြည်တွင်း မွန်လူငယ်များနှင့် မွန်သံဃာတော်များကလည်း ယခင်နှစ် တော်လှန်ရေးနေ့ကဲ့သို့ ကျဆုံးလေပြီးသော မွန်တော်လှန်ရေးခေါင်းဆောင်များအား ဂါရဝပြုသည့် အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်တွင်းရှိ မွန်လူငယ်များက ပြောသည်။

    သို့သော်လည်း မွန်ပြည်သစ်ပါတီ ဗဟိုနှင့် ခရိုင်အသီးသီး၌ အခမ်းအနားကို ယခင်နှစ်များအတိုင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

    ကောဇာသက္ကရာဇ် (၁၃၁၀) ခု ဝါခေါင်လပြည့်နေ့တွင် ဘားအံမြို့နယ်၊ ဇာသပြင် ရဲစခန်းကို မွန်လူငယ်များ ဝင်ရောက်သိမ်းပိုက်ခဲ့သည်ကို အစွဲပြု၍ ထိုလပြည့်နေ့ကို မွန်အမျိုးသား တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts