spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာဒီမိုကရေအား မွန်ပြည်သစ်ပါတီ အကဲခတ်နေ

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေအား မွန်ပြည်သစ်ပါတီ အကဲခတ်နေ

    -

    နိုင်မာန်

    မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိအနေအထားတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ထောက်ခံအားပေးခြင်း မပြုသလို ကန့်ကွက်ခြင်းလည်း မရှိပါကြောင်း၊ ထိုပါတီ၏ လှုပ်ရှားမှုများအား မိမိတို့ ဆက်လက်အကဲခတ် သုံးသပ်နေသေးကြောင်း ပြီးခဲ့သည့် ဇွန်လ ၆ ရက်၌ လွတ်လပ်သော မွန်သတင်းအေဂျင်စီနှင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    “ဒီ၂၀၁၀ ရွေးကောက်ပွဲက မွန်အမျိုးသားတွေအတွက် အကျိုးမဖြစ်ထွန်းနိုင်ဘူး ဆိုစေဦးတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီလို ပါတီသစ်တစ်ရပ်က မှန်ကန်တဲ့ အမျိုးသားရေးအကျိုးကို ထမ်းဆောင်သွားမယ်ဆိုရင် အားပေးသွားရမှာပါပဲ” ဟု နိုင်ဟံသာ ပြောသည်။

    ယခုအခါ ရှေ့လုပ်ငန်းစဉ်များအနေဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်များ သတ်မှတ်ရွေးချယ်နိုင်ရေးအတွက် ကျေးရွာနှင့် မြို့နယ်ကော်မတီ အဖွဲ့ဝင်အဆင့်ဆင့်တို့အား သက်ဆိုင်င်ရာဒေသအလိုက် သတ်မှတ်ဖွဲ့စည်းလျက် ရှိသည်။

    လာမည့်ဇွန်လ(၂၄) ရက်နေ့တွင် မြို့နယ်အဆင့် အဖွဲ့ဝင်များ အပြီးသတ် သတ်မှတ်ရွေးချယ်သွားမည် ဖြစ်ပြီး လကုန်ပိုင်း၌ ဗဟိုကော်မတီများ ဆက်လက်ရွေးချယ်နိုင်ရေး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီခေါင်းဆောင်များ စည်းရုံးလှုပ်ရှားနေမှုများ ရှိနေသည်။

    “မွန်ပြည်သစ်ပါတီကနေ တချို့အနားယူသွားတဲ့ လူတွေအပေါ် ဘာမှလည်း မပြောလိုပါဘူး၊ ဒီပါတီသစ်မှာ ပါဝင်ရင်လည်း ကျနော်တို့ ဘာမှမပြောလိုပါဘူး၊ ပါတီနဲ့လည်း ဘာမှမသက်ဆိုင်တော့ သူတို့ရဲ့ သဘောဆန္ဒအတိုင်းပဲ၊ ဒါပေမယ့် အမျိုးသားအရေးနဲ့ ပတ်သက်နေတော့ အမြဲတမ်း စောင့်ကြည့်သွားရမှာပါ” ဟု နိုင်ဟံသာက ဆက်လက်ပြောကြားခဲ့ပါသည်။

    ၂၀၁၀ ရွေးကောက်ပွဲအား နိုင်ငံရေးပါတီ အဖွဲ့အစည်းများစွာ မထောက်ခံသည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအပေါ် ထောက်ခံမှုများ အားနည်းနေသည်။ အဓိက မွန်အမျိုးသားပါတီကြီးနှစ်ရပ်ဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့တို့ လာမည့်ရွေးကောက်ပွဲအား အပြင်းအထန် ကန့်ကွက်ကြသည့်အတွက် မွန်လူထုလူတန်းစားအဖွဲ့အစည်းများနှင့် အချို့ပုဂ္ဂိုလ်များ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ထောက်ခံအားပေးရန် အခက်အခဲ ကြုံနေကြရသည်။

    “ကျနော်တို့လည်း ဘယ်လိုထောက်ခံရမှန်း မသိဘူး၊ သူတို့ပါတီထဲ ဝင်ရောက်အားဖြည့်ပြီး အတူတူပါဝင်ဆောင်ရွက်ဖို့ လာပြီး စည်းရုံးနေတာရှိတယ်၊ တချို့လူတွေကို မေးမြန်းကြည့်တော့ အားပေးထိုက်တယ်လို့ ဆိုပြီး တချို့ကျပြန်တော့ အဆိပ်ပင်ရေလောင်းပေးတာနဲ့ အတူတူပဲလို့ ဆိုပြန်တယ်၊ ခွဲခြားလို့ မရသေးဘူး”ဟု ရေးမြို့မှ မွန်လူငယ်ခေါင်းဆောင်တစ်ဦး ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား မွန်တိုင်းရင်းသားပြည်သူများ အားပေးထောက်ခံသွားနိုင်ရေးတွင် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့တို့အပေါ် တည်မှီလျက် ရှိသည်။

    “စောင့်ကြည့်နေတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် အချိန်ဆိုတာ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာနေတယ်၊ ရွေးကောက်ပွဲကလည်း တစ်နေ့ထက်တစ်နေ့ အချိန်နီးကပ်လာနေပြီ၊ အချင်းချင်း ဘာမှတိုင်ပင်နှီးနှောမှုတွေ မရှိခဲ့ရင် ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို ရနိုင်မှာ မဟုတ်တော့ ဒီရွေးကောက်ပွဲ ဝင်တဲ့ပါတီ မဲအနိုင်ရဖို့ကို ရင်လေးနေရတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks