spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမလေးရှားရှိ တရားမဝင် အလုပ်သမားများ ဖမ်းဆီးပြန်ပို့ခံနေရ

    မလေးရှားရှိ တရားမဝင် အလုပ်သမားများ ဖမ်းဆီးပြန်ပို့ခံနေရ

    -

    မိကျလွန်းထော

    မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်နေကြသည့် တရားမဝင်ရွေ့ပြောင်းအလုပ်သမားများကို မလေးရှားအာဏာပိုင်များက ဖမ်းဆီမှုပြုလုပ်နေပြီး နေရပ်သို့ ပြန်ပို့နေသည်။

    မေလ ၂၀ ရက်နေ့မှစ၍ လာမည့် ဇူလိုင်လ ၂၂ ရက်နေ့အထိ မလေးရှားနိုင်ငံအတွင်း တရားမဝင် မြန်မာအလုပ်သမားများအပါအဝင် ရွေ့ပြောင်းအလုပ်သမားများအားလုံးကို ဖမ်းဆီးမည်ဟု မလေးရှား အာဏာပိုင်တို့က အလုပ်ရှင်များထံ အကြောင်းကြားထားသည်။

    မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားများ အလွန်များပြားနေခြင်းနှင့် အချို့ အလုပ်သမားများ လက်မှတ်အထောက်အထားတစုံတရာ မရှိဘဲ မလေးရှားနိုင်ငံအတွင်း ခိုးဝင်နေထိုင်နေသောကြောင့် မလေးရှားအစိုးရမှ ယခုလို ဖမ်းဆီးရန် အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ (NLD-LA) အတွင်းရေးမှူး ဦးအောင်ကျော်ဆက်က ပြောသည်။

    “လွန်ခဲ့တဲ့ နှစ်ပတ်ကဆိုရင် တရားမဝင် မြန်မာအလုပ်သမား ၈၀ ကျော် ဖမ်းခံထိသွားတယ်၊ ဖမ်းဆီးမှုတွေက ပြီးခဲ့တဲ့နှစ်တွေနဲ့ မတူဘူး၊ ပြီးခဲ့တဲ့နှစ်မှာဆိုရင် ဖမ်းပြီးတော့ နယ်စပ်ကို ပို့လိုက်တယ်၊ အပို့ခံတဲ့လူတွေကလည်း ပွဲစားနဲ့ ပြန်ဝင်လာပြန်၊ အခုက အဲလိုမဟုတ်ဘူး ဖမ်းပြီးရင် ထောင်ချမယ် ပီးရင်လေယာဉ်နဲ့ ဗမာပြည်ပြန်ပို့တယ်၊ အခုလည်း ဖမ်းဆီးပွဲတွေ ဖြစ်နေဆဲပါဘဲ” ဟု ၄င်းက ဆက်ပြောသည်။

    ဖမ်းဆီးခံရသည့် တရားမဝင်အလုပ်သမားများအနက် အသက် ၁၉/၂၀ နှစ် အထက်ပိုင်းဆိုလျှင် ထောင်ဒဏ် ၆ လ ကျခံရမည်ဖြစ်ပြီး၊ ၄င်းအောက်ငယ်ပါက ထောင်ဒဏ် ၁ လမှ ၁ လခွဲအထိ ကျခံရကာ ထောင်မှပြန်လွတ်လာလျှင် မိမိနိုင်ငံသို့ ပိုးဆောင်ခ မလေးရှားရင်းဂစ် ၇၅၀ ဖြင့် ပို့ဆောင်မည်ဖြစ်သည်ဟု အလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။

    “အခု ကျနော်တို့ အပြင်သိပ်မထွက်ရဲဘူး၊ ကျနော့်ညီတစ်ယောက်လည်း အခု ဖမ်းတဲ့အထဲမှာ ပါသွားတယ်၊ ရဲတွေပြောတာတော့ လာရွေးရင် မလေးရှားရင်းဂစ် ၅၀၀၀ ပေးရမယ်၊ မရွေးနိုင်ရင်တော့ ထောင်ဒဏ် တစ်လချပြီး မြန်မာပြည်ပြန်ပို့မယ်တဲ့ လမ်းစရိတ် ၇၅၀ ရင်းဂစ် ပေးပြီးတော့၊ အဲဒီလောက်ပိုက်ဆံ ကျနော့်မှာ မရှိတော့ ကျတော့်ညီကိုလည်း ရွေးမထုတ်နိုင်ဘူး” ဟု မလေးရှားနိုင်ငံ ပါတာဝက်ဒေသတွင် ကြွေပြားအလုပ်ရုံမှ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

    အလားတူ မလေးရှားနိုင်ငံ Klang Selangon (ကလောင်ဒေသ) မှ မွန်အလုပ်သမားတစ်ဦးကလည်း “ကျနော့် သူငယ်ချင်းတစ်ယောက်လည်း ဖမ်းခံထိပြီးတော့ ဗမာပြည် ပြန်ပို့ခံထားရတယ်၊ ငွေ ၇၀၀ ရင်းဂစ်ပေးပြီးတော့” ဟု ပြောသည်။

    ယခုလိုမျိုး မလေးရှားအစိုးရ၏ ဥပဒေအသစ် ထုုတ်ပြန်ထားမှုကြောင့် တရားမဝင် အလုပ်သမားများလည်း စိုးရိမ်မှုများနှင့် အလုပ်လုပ်နေကြရကြောင်း၊ ၄င်းအလုပ်သမားများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ (NLD-LA) အဖွဲ့တို့က မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် UNHCR အဖွဲ့တို့ကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးရန် ဆွေးနွေးထားပြီးဖြစ်ကြောင်း အတွင်းရေးမှု ဦးအောင်ကျော်ဆက်က ပြောသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ (NLD-LA) အဖွဲ့၏ စာရင်းအရ မလေးရှားနိုင်ငံတွင် တရားဝင်မြန်မာအလုပ်သမား ၃ သိန်းကျော်ရှိပြီး တရားမဝင်မြန်မာအလုပ်သမား ၄ သိန်းကျော်နှင့် နိုင်ငံခြားအလုပ်သမားပေါင်း ၂ သန်းကျော်ရှိနေသည်။

    မလေးရှားနိုင်ငံအတွင်း အင်ဒိုနီရှား၊ ထိုင်း၊ မြန်မာ၊ ဖီလစ်ပိုင်၊ အိန္ဒိယ၊ နီပေါ၊ ကမ္ဘောဒီယားနှင့် ဘင်္ဂလားဒေ့ စသည့် နိုင်ငံအမြောက်အမြားမှ တရားမဝင် လာရောက်အလုပ်လုပ်သူ အလွန်များပြားသောကြောင့် ယခုလိုမျိုး ဖမ်းဆီးပြီး နေရပ်သို့ပြန်ပို့နေကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks