Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်ပြေးဒုက္ခသည်များအား ပလဲ့ဒွန်းဖိုက်တွင် နေရာချပေးမည်

    စစ်ပြေးဒုက္ခသည်များအား ပလဲ့ဒွန်းဖိုက်တွင် နေရာချပေးမည်

    -

    ဒုက္ခိတစစ်ပြေးဒုက္ခသည် နိုင်ဟောင်းမွန်နှင့် သားငယ်များ

    အာကာ

    “ဒီမှာ ကျောင်းအပ်နေပြီ၊ နောက်တစ်ရက် နှစ်ရက်ကြာရင် ကျောင်းဖွင့်တော့မယ်ဆိုတော့ ကျနော်တို့ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး” ဟု ခြေတုကို ဘေးတွင်ချလျက် သားနှစ်ယောက်နှင့်အတူ ထမင်းစားနေသော ဒုက္ခိတစစ်ပြေးဒုက္ခသည် နိုင်ဟောင်းမွန်က အားကိုးရာ ရှာသည့် မျက်လုံးအစုံဖြင့် ပြောသည်။

    ယနေ့တွင် ခလောက်ခနီဒုက္ခသည်စခန်းရှိ စာသင်ကျောင်း၌ ကျောင်းစတင်အပ်နှံ လက်ခံနေပြီဖြစ်၍ ထိုကျောင်းတွင် ယာယီတည်းခိုနေကြသော စစ်ပြေးဒုက္ခသည်များက ကျောင်းသူကျောင်းသားများအတွက် နေရာဖယ်ရှားပေးရတော့မည် ဖြစ်သည်။

    ၎င်းတို့အတွက် စခန်းအနီးရှိ ပလဲ့ဒွန်းဖိုက်ကျေးရွာတွင် ယာယီတဲ ၃၀ ဆောက်လုပ်ပြီး နေရာချပေးမည်ဟု စခန်းအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ပလဲ့ဒွန်းဖိုက်မှာဆိုရင် သူတို့အတွက် ဒီမှာထက် ပိုပြီးအဆင်ပြေမှာ၊ ဟိုမှာက မြေပြန့်လည်း ဖြစ်တယ်၊ လူလည်းနည်းတော့ သောက်သုံးရေအတွက်လည်း အဆင်ပြေမယ်၊ ဒီမှာက လူလည်း များပြီး မြေပြန့်လည်း မရှိတော့ နေရာချပေးဖို့ အဆင်မပြေဘူး” ဟု သူက ပြောသည်။

    မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား စစ်ဖြစ်နိုင်မည့် အရိပ်အယောင် မမြင်တွေ့ရခြင်းကြောင့် ထွက်ပြေးလာသော ရွာသား ၆၀၀ ကျော်အနက် ၅၀၀ ခန့် နေရပ်ပြန်သွားကြပြီ ဖြစ်သော်လည်း ဒုက္ခိတများ၊ နို့စို့အရွယ်ကလေးမိခင်များနှင့် ၎င်းတို့၏ ကလေးများ ကျန်ရှိနေသေးသည်။

    “ကျနော်တို့က တခြားသူတွေလို ပြန်လို့မဖြစ်သေးဘူး၊ တကယ်လို့ စစ်ဖြစ်မယ်ဆိုရင် သူများတွေလို ထပြေးလို့ မရဘူးလေ၊ အနည်းဆုံးတော့ ဒီမှာ ၆ လလောက် နေရဦးမယ်” ဟု နိုင်ဟောင်းမွန်က ပြောသည်။

    လက်ရှိတွင် ခလောက်ခနီဒုက္ခသည်စခန်း၌ စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၂၀၊ လူဦးရေ ၉၃ ဦးနှင့် ပလဲ့ဒွန်းဖိုက်ကျေးရွာ၌ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၇ ဦး ကျန်ရှိလျက် ရှိနေသည်။

    မွန်ပြည်သစ်ပါတီက ဧပြီလ ၂၂ ရက်နေ့တွင် စစ်အစိုးရ ကမ်းလှမ်းထားသည့် ပြည်သူ့စစ်အသွင်ပြောင်းခြင်းကို တရားဝင်ငြင်းပယ်ပြီးနောက်ပိုင်း နှစ်ဖက်လုံးမှ စစ်ရေးလှုပ်ရှားမှုများကို မြင်တွေ့နေရခြင်းကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းမှ ရွာသားအများအပြား ထိုင်းမြန်မာနယ်စပ် ခလောက်ခနီဒုက္ခသည်စခန်းနှင့် ပလဲ့ဒွန်းဖိုက်ကျေးရွာသို့ ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks