spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ ရွာသားများ အိုးအိမ်စွန့်ကြပြီ

    မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ ရွာသားများ အိုးအိမ်စွန့်ကြပြီ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့၏ စစ်ရေးပဋိပက္ခဖြစ်ပေါ်နိုင်သည့် အရိပ်အယောင်များ မြင်တွေ့နေရသည့်အတွက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းမှ ရွာသားများ အိုးအိမ်စွန့်ကာ စစ်ဘေးမှ လွတ်ကင်းနိုင်မည့် အရပ်သို့ ရှောင်တိမ်းနေကြသည်။

    ရာချီရှိသော ရွာသားများ ရေးမြို့သို့ ပြောင်းရွှေ့လာကြပြီး၊ ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီဒုက္ခသည်စခန်းသို့လည်း ရာချီရောက်ရှိလာကြကြောင်း ဒေသခံတို့က ပြောသည်။

    “ရေးမြို့ကို ပြောင်းလာတဲ့ လူတွေကတော့ ရေးမြို့မှာ သူတို့ဆွေမျိုးတွေ ရှိကြတယ်၊ အများအားဖြင့် ကျုံလောင်း၊ ဝယ်ဇင်၊ ဖလန် စတဲ့ရွာတွေက များတယ်၊ အရေအတွက် ဘယ်လောက်ရှိမလဲဆိုတာတော့ ခန့်မှန်းဖို့ ခက်တယ်၊ ရာချီရှိလိမ့်မယ်ထင်တယ်” ဟု ရေးမြို့ အောင်မင်္ဂလာရပ်ကွက်သားတစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီက စစ်အစိုးရ ကမ်းလှမ်းထားသည့် ပြည်သူ့စစ်အသွင်ပြောင်းခြင်းကို ဧပြီလ ၂၂ ရက်နေ့တွင် တရားဝင် ငြင်းပယ်ပြီးနောက် လာမည့် ဧပြီလ ၂၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီအား မတရားအသင်းအဖြစ် ကြေညာပြီး၊ ထိုးစစ်ဆင်မည်ဟူသော သတင်းများနှင့် စစ်ရေးလှုပ်ရှားမှုများကို မြင်တွေ့နေရခြင်းကြောင့် ယခုကဲ့သို့ ရွာသားများ အိုးအိမ်စွန့်ကာ တိမ်းရှောင်ရခြင်း ဖြစ်ကြောင်း တိမ်းရှောင်နေသူတို့က ပြောသည်။

    “ကျနော်တို့ရွာမှာဆို လူတောင်မရှိတော့ဘူး၊ စျေးဆိုင်တွေဆို အားလုံးမသယ်နိုင်လို့ လျှော့စျေးနဲ့ အကုန်ရောင်းတယ်၊ ဘီယာတစ်ဗူးကို ၅၀၀ ကျပ်နဲ့ရောင်းတယ်၊ ကြက်သားဆို တစ်ပိဿာ ၁၈၀၀၊ ဆန်တစ်တင်းကို ၈၀၀၀ ကျပ်နဲ့ ရောင်းတယ်၊ ဒါပေမယ့် ဝယ်တဲ့သူ မရှိဘူး” ဟု ဖလန်ရွာမှ ရေးမြို့သို့ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

    “စစ်သားတွေ ထော်လာဂျီကားနဲ့ သွားနေတာ တွေ့နေရတယ်၊ တစ်ကားဆို စစ်သားအယောက် ၂၀ လောက်ပါမယ်၊ လက်နက်အပြည့်အစုံပဲ၊ ထော်လာဂျီကားနဲ့ဆို အဝေးက လာတာ မဖြစ်နိုင်ဘူး၊ ဒီရေးမြို့နယ်မှာ ရှိတဲ့ စစ်တပ်ကပဲ ဖြစ်နိုင်မယ်၊ ဝယ်ဇင် (မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ) ဘက်ကို တက်မယ်လို့ ကြားတာပဲ” ဟု ရေးမြို့အဏ္ဏဝါရပ်ကွက်သားတစ်ဦးက ပြောသည်။

    စစ်ပွဲဖြစ်ပွားခဲ့ပါက ထိုင်းနိုင်ငံအတွင်းသို့် ပြေးဝင်ရန်အတွက် ထိုင်းနိုင်ငံနယ်စပ် ခလောက်ခနီမွန်ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၄၀၀ ခန့် ရှိကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီက ပြောသည်။

    လတ်တလောတွင် ဒုက္ခသည်များကို စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် အသိမိတ်ဆွေအိမ်များတွင် နေရာချထားပေးပြီး၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) မှတဆင့် မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီက စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks