Tuesday, March 10, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်၂၀၁၀ ခုနှစ်နှင့် ပဋိပက္ခသစ်

    ၂၀၁၀ ခုနှစ်နှင့် ပဋိပက္ခသစ်

    -

    ၂၀၁၀ ခုနှစ်သို့ ရောက်ခဲ့ပါပြီ။ ယခုနှစ်တွင် နိုင်ငံရေးအကွေ့အလှည့်နှင့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်လိမ့်မည်ဟု အများက ခန့်မှန်းနေကြပေသည်။ သို့သော်လည်း ကျနုပ်တို့နိုင်ငံအတွက် အကောင်းဘက်သို့ ဦးတည်သော ပြောင်းလဲခြင်းလော၊ အဆိုးဘက်သို့ ဦးတည်သော ပြောင်းလဲခြင်းလော၊ ငြိမ်းချမ်းရေးလမ်းစ ပွင့်လာမည်လော၊ ပဋိပက္ခမီး ကြီးထွားလာမည်လော ဆိုသည်ကို ဆက်လက်လေ့လာရပေဦးမည်။

    စစ်အစိုးရသည် ၄င်းတို့ရေးဆွဲခဲ့သည့် လမ်းပြမြေပုံ ၇ ချက်အတိုင်း ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ယခု ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကို ပြုလုပ်လိုပေသည်။ ၂၀၀၈ အခြေခံဥပဒေအတိုင်းသာဆိုပါက စစ်အစိုးရသည် အထက်စည်းမှနေ၍ လွှတ်တော်နေရာများ၏ ၂၅ ရာနှုန်းကို အပြီးပိုင် ရယူထားပြီး ၄င်းမှ ကြွင်းကျန်သည့်နေရာများကိုသာ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများအတွက် ချန်ထားရစ်ပေသည်။

    ထိုအကြွင်းအကျန်နေရာသစ်တွင်လည်း စစ်အစိုးရက ၄င်းတို့ကို ကျောထောက်နောက်ခံ ပြုထားသည့် နိုင်ငံရေးပါတီများ ဝင်ရောက်နေရာယူနိုင်ရန် ရည်ရွယ်ထားပေသည်။

    တချိန်တည်းတွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတိုင်း လက်နက်ကိုင်တပ်ဖွဲ့အားလုံး ကာကွယ်ရေးဦးစီးချုပ် လက်အောက် ထားရှိမည်ဖြစ်ရာ စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ၄င်းတို့၏ တပ်မတော်အောက် သွပ်သွင်းနိုင်ရန် ဖိအားပေးလျက် ရှိပေသည်။ ထိုလုပ်ရပ်ကြောင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များမှာ အင်အားမတောင့်တင်းသော်လည်း ဆက်လက်တိုက်ပွဲဝင်သွားဦးမည် ဖြစ်ရာ ပြည်တွင်းပဋိပက္ခမီး ဆက်လက်ကြီးထွားလာပေဦးမည်။

    ပြည်တွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသောနိုင်ငံရေးပါတီများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန်၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအားလုံး ပါဝင်ခွင့်ပြုရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုထားကြသည်။ စစ်အစိုးရက ဖွဲ့စည်းပုံအခြေ ခံဥပဒေကို သုံးသပ်ပြင်ဆင်ခြင်းမပြုပဲ ယခုအတိုင်းသာ သွားနေပါက “ပြည်တွင်းနိုင်ငံရေး ပဋိပက္ခ” ဆက်လက်ဖြစ်ပေါ်ပေလိမ့်မည်။

    ပြည်သူပြည်သားများသည် စစ်အစိုးရ၏ ဖွဲ့စည်းပုံသစ်ကို အလိုမရှိကြပေ။ သို့သော်လည်း ရက်စက်ကြမ်းတမ်းသော ဖိနှိပ်မှုကြောင့် အခြေခံဥပဒေကို မဝေဖန်ရဲကြပေ။ ရွေးကောက်ပွဲ ပြီးဆုံးသွားပါကလည်း စစ်အုပ်ချုပ်ရေး တစိတ်တပိုင်း ကျန်ရှိနေဦးမည်ဖြစ်ရာ နိုင်ငံရေးပဋိပက္ခလည်း ဆက်လက်ဖြစ်ပေါ်နေပေဦးမည်။ နိုင်ငံရေးပဋိပက္ခ ကျန်ရှိနေဦးမည်ဆိုပါက တက်လာမည့် အစိုးရသစ်သည်လည်း မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ နောင်တက်လာမည့် အစိုးရသစ်သည် စစ်အာဏာသုံးပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလေးစားမှုကို မဖော်ဆောင်နိုင်ပါက ထိုအစိုးရအဖွဲ့ကို နိုင်ငံတကာက ထောက်ခံလိမ့်မည် မဟုတ်ပေ။ ထိုအခြေ အနေတွင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု စသည်တို့ကိုလည်း မဖန်တီးပေးနိုင်တော့ပဲ ပြဿနာအထွေထွေနှင့် ဆက်လက်ရင်ဆိုင်ကြရပေဦးမည်။

    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လက်နက်အဖြုတ်သိမ်း မခံ (သို့) နယ်ခြားစောင့်တပ်အသွင် မပြောင်းလဲပါက တိုင်းရင်းသားနယ်မြေများတွင်လည်း စစ်ရေးပဋိပက္ခသစ်များ ဆက်လက်ပေါ်ပေါက်လာပေလိမ့် မည်။ စစ်ရေးပဋိပက္ခပေါ်ပေါက်လာပါက တိုင်းရင်းသားနယ်မြေများရှိ ပြည်သူပြည်သားများမှာ ကြီးမားသော ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပွားနေ ဦးမည်ဖြစ်ပြီး စစ်ပြေးဒုက္ခသည်များလည်း တိုးပွားလာပေလိမ့်မည်။

    ထို့ကြောင့် ယခု ၂၀၁၀ ပြည့်နှစ်တွင် သစ်လွင်သော တိုးတက်မှုများကို မျှော်ကိုးလိုသော်လည်း အလုံးစုံသော အခြေအနေကောင်းများ ဖြစ်ပေါ်လာရန်ကား ခက်ခဲနေလိမ့်ပေဦးမည်။ ကျနုပ်တို့နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခများသာလျှင် ကာဆီးထားပြီး ယခု ၂၀၁၀ ပြည့်နှစ်တွင်လည်း ပဋိပက္ခသစ်များ ရှိနေလိမ့်ဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks