Homeသတင်းပြည်ထောင်စုအစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ရပ်လက်မှတ်ရေးထိုးပြီ

ပြည်ထောင်စုအစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ရပ်လက်မှတ်ရေးထိုးပြီ

-

မင်းသုတ – မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့်အစိုးရကိုယ်စားလှယ်တို့ ယနေ့နံနက်(၁၁) နာရီခန့်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းဟိုတယ်(Strand Hotel) ၌ နှစ်ဖက်အပစ်အခတ်ရပ်စဲခြင်း သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်သစ်ပါတီကိုယ်စားလှယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက အတည်ပြုပြောကြားသည်။

 မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲမှုဆွေးနွေးနေစဉ်( photo- IMNA)
မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲမှုဆွေးနွေးနေစဉ်( photo- IMNA)

ဖေဖေါ်ဝါရီလ(၁) ရက်နေ့တွင် မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ မူအားဖြင့်သဘောတူညီချက်များကို ယနေ့တွင်အတည်ပြုလက်မှတ်ရေးထိုးကြပြီး ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီကြခြင်းဖြစ်သည်။

“အဓိကအချက်(၄) ချက်နဲ့ နောက်ဆက်တွဲ အချက်အလက်တွေပါ ပေါင်းလိုက်ရင်အားလုံး (၁၄) ချက်ပါဝင်တယ်၊ ပြည်ထောင်စုအဆင့်အစိုးရကိုယ်စားလှယ်နဲ့ သဘောတူညီမှုလက်မှတ်ရေးထိုးပြီးပါပြီ” ဟု နိုင်တလညီက ပြောသည်။

၄င်းအချက်(၄)ချက်မှာ-(၁) အပစ်အခတ်ရပ်စဲရန်နှင့်စစ်မက်ဖြစ်ပွားနေသောဒေသ၌ အမြန်ဆုံးအပစ်အခတ်ရပ်စဲရန်)၊ (၂) အပစ်အခတ်ရပ်စဲပြီး (၄၅) ရက်အတွင်းနိုင်ငံရေးဆွေးနွေးသွားရန်၊ (၃) အပစ်အခတ်ရပ်စဲရေးစတင်သည်မှစ၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့၏ ကဏ္႑အသီးသီးဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ပူးပေါင်းဆောင်ရွက်သွားကြရန်၊ (၄) အထွေထွေတင်ပြချက်(၁၀) ချက်ပါဝင်သည်ဟု သိရသည်။

အထွေထွေတင်ပြချက်(၁၀) ချက်တွင် ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပ NGo အဖွဲ့အစည်းများ၊ သတင်းဌာနမီဒီယာများနှင့်ထိတွေ့မှုရှိခွင့်၊ နိုင်ငံရေးရလာဒ်များကို ပြည်သူများအားလိုအပ်သလိုအသိပေးသွားရန်၊ နိုင်ငံခြားသံတမန်များနှင့်တွေ့ဆုံရာတွင်ကြိုတင်ညှိနှိုင်းရန်၊ အပစ်ရပ်စဲကာလအတွင်း မွန်ပြည်နယ်နှင့်ဆက်စပ်နယ်မြေများတွင် စစ်အင်အားထပ်မံမတိုးချဲ့ရန်၊ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးသမားအားလုံးနှင့် အကျဉ်းကျမွန်ပြည်သစ်ပါတီဝင်များကို လွှတ်ပေးရန်၊ တစ်ဖက်မှအခြားတစ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်သွားသော ရာဇဝတ်သားများကိစ္စအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားကြရန်၊ စေတနာလုပ်အားပေးမှလွဲ၍ အဓ္ဓမအလုပ်စေခိုင်းခြင်းကို နှစ်ဖက်စလုံးမှရှောင်ကြဉ်သွားရန်၊ ပြည်သူများ၏မြေယာပြဿနာကိစ္စများကို နှစ်ဖက်ညှိနှိုင်းဝိုင်းဝန်းဖြေရှင်းသွားကြရန်နှင့် မူးယစ်ဆေးဝါးပိတ်ပင်တားဆီးရေး၊ ပညာပေးရေးတို့ကို ဆောင်ရွက်သွားကြရန် ဖြစ်သည်။

မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေး ဖေါ်ဆောင်မှုအဖွဲ့အား ဒုဥက္ကဌနိုင်ရော့စဦးဆောင်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒုစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်လယီကောင်း၊ နိုင်တလညီနှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသော နိုင်ဗညားလေး၊ ဒုဗိုလ်မှူးကြီးဗညားချမ်းနွန်၊ ဒုဗိုလ်မှူးကြီးစံအေး၊ နိုင်ဧက စုစုပေါင်းဗဟိုကော်မတီ(၇) ဦးဖြစ်ကြသည်။

ပြည်ထောင်စုအဆင့်သဘောတူညီချက်လက်မှတ်ရေးထိုးရာတွင် မီးရထားဝန်ကြီးဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ သစ်တော်ရေးရာဝန်ကြီးဦးဝင်းထွန်း၊ နယ်စပ်ရေးရာဒုဝန်ကြီးဦးဇော်ဝင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့ပါဝင်ကြသည်။

၁၉၉၄-၉၅ ခုနှစ် နဝတနှင့်မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအားလုံးတွင်ပါဝင်ခဲ့သူ အငြိမ်းစားဗိုလ်မှူးကြီးကောင်းရွတ်က “ယခင်နဝတလက်ထက်သဘောတူညီချက်တွေထက် ပိုပြီးကောင်းမွန်တဲ့အချက်တွေပါလာတယ်၊ နိုင်ငံရေးအရဆွေးနွေးရမယ့်ကာလအပိုင်းအခြားတွေ တိတိကျကျပါရှိလာတယ်” ပြောသည်။

၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်(၁၄) ချက်တွင် နိုင်ငံရေးအရဆက်လက်ဆွေးနွေးရမည့်အချက် လုံးဝမပါရှိခဲ့ပေ။
၂၀၁၀ ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့နှစ်ဖက် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့ပြီး ယခုအခါ သမ္မတဦးသိန်းစိန်အစိုးရနှင့် တဖန်အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts