spot_img
Monday, August 11, 2025
More
    spot_img
    Homeသတင်းဘန်ကောက်အနီးရှိ ထိုင်းမွန်ရွာများ ဆိုးရွားစွာ ရေဘေးသင့်

    ဘန်ကောက်အနီးရှိ ထိုင်းမွန်ရွာများ ဆိုးရွားစွာ ရေဘေးသင့်

    -

    နိုင်စိုင်း – ထိုင်းနိုင်ငံတွင် ယခုနှစ်မိုးဆက်တိုက် ရွာသွန်းခြင်းကြောင့် ဘန်ကောက်အနီးရှိထိုင်းမွန်ရွာများ ရေမြုပ်ကာ ပထုံဌာနီခရိုင်၊ ပက်ကရစ်ရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများ ဆိုးရွားစွာ ရေဘေးသင့်နေကြောင်း ဒေသခံများက ပြောသည်။

    ရေဘေးသင့်ခံ ထိုင်းမွန်ရွာတစ်ရွာ( Photo- Internet)
    ရေဘေးသင့်ခံ ထိုင်းမွန်ရွာတစ်ရွာ( Photo- Internet)

    “အခု ကျနော်တို့ရွာဆို ရေ ၆ တောင် ( ၉ ပေ) လောက် မြုပ်နေတယ်။ ဘုန်းကြီးကျောင်းလည်း ရေမြုပ်ပြီး ရှေးဟောင်းပစ္စည်းတွေလည်း အများကြီး ဆုံးရှုံးခဲ့ရတယ်” ဟု ပထုံဌာနီခရိုင်၊ စံခုပ်မြို့နယ်မှ လူငယ်အစည်းအရုံး ခေါင်းဆောင် နိုင်ဖိုင်ရတ်က ပြောသည်။

    နွန်ထပူရီတခရိုင်လုံး ရေမြုပ်ကာ အိုးထိန်းသည်ရွာဟု ကျော်စောသည့် ‘ပက်ကရစ်’ မွန်ရွာ (ဘားအံမြို့နယ်၊ ဇာသပြင်ဇာတိသား) နှင့် မြစ်ကြောင်းတလျှောက်ရှိဘုန်းတော်ကြီးကျောင်း ၅ ကျောင်းလည်း ရေမြုပ်ခဲ့သည်ဟု ဒေသခံဖြစ်သူ နိုင်မွန်အေး ဝံစီရာမာန် က ပြောသည်။

    “ပက်ကရစ်ရွာဟာ နိမ့်တော့ အစောဆုံး ရေမြုပ်တယ်။ အိုးလုပ်ငန်း အားလုံး ရပ်နားထားရတယ်။ ဧည့်သည်တွေလည်း မလာနိုင်တော့ဘူး” ဟု သူက ဖြစ်ပျက်နေသည့် အခြေအနေကို ရှင်းပြသည်။

    ဘန်ကောက်အနီး ခရိုင်နှစ်ခုရှိ မွန်ရွာများတွင် ယခုအခါ ထိုင်းလူမျိုးများစွာလည်း ရောထွေးနေထိုင်လာခဲ့ကြသည်။

    “အရင်ကပထုံဌာနီက မြို့နယ် ၇ မြို့နယ်မှာ ကျနော်တို့ မွန်လူမျိုးတွေပဲ နေကြတယ်။ ကျနော်တို့ မွန်လူမျိုးတွေဟာ စစ်ဘေးဒဏ်ကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ ကျော် ပဲခူးဟံသာဝတီနေပြည်တော် ပျက်သုဉ်းကတည်းက ဒီကိုရှောင်ပြေးလာခဲ့ရတယ်” ဟု နိုင်ဖိုင်ရတ်က သူ၏ ရွာသမိုင်းကို ပြောပြသည်။

    ပက်ကရစ်မွန်ရွာသည် အိုးလုပ်ငန်းအပါအဝင် မွန်ယဉ်ကျေးမှုများစွာကို ထိန်းသိမ်းခဲ့သည့် မွန်ရွာအဖြစ် ထိုင်းအစိုးရက အသိအမှတ်ပြုခဲ့ပြီး ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အကူအညီများ ပေးအပ်လျက် ရှိသည်။

    ယခုနှစ် မိုးရာသီတွင် ထိုင်းနိုင်ငံ၌ သုံးလတိုင် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ခရိုင်များစွာ ရေနစ်မြုပ်ခဲ့ရသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှရေများ စီးဝင်လာခြင်းကြောင့် ရေတံခါးများ ပျက်စီးကာ ဘန်ကောက်မြို့တော်သို့ ရေများဝင်ရောက်လျှက်ရှိသည်။

    ပထဝီအနေအထားအရ ဘန်ကောက်မြို့တော်သည် ပင်လယ်ရေမျက်နှာပြင်အောက်ထက် နိမ့်ကျသည့်အတွက် ယဉ်ကျေးမှုအရ မြစ်ကြောင်းတလျှောက်နေထိုင်လာခဲ့သည့် မွန်လူမျိုးများ ရေဘေးသင့်ခံနေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,300SubscribersSubscribe
    spot_img

    Latest posts