Homeသတင်းမွန်ပြည်သူ့တပ်ဦးဥက္ကဌ နိုင်အောင်ထွန်းကွယ်လွန်ခြင်း ၄၁ နှစ်မြောက်အခမ်းအနားကျင်းပ

မွန်ပြည်သူ့တပ်ဦးဥက္ကဌ နိုင်အောင်ထွန်းကွယ်လွန်ခြင်း ၄၁ နှစ်မြောက်အခမ်းအနားကျင်းပ

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မွန်အမျိုးသားခေါင်းဆောင်၊ မွန်ပြည်သူ့တပ်ဦး Mon People Front  ဥက္ကဌ နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၄၁ နှစ်မြောက်ကို ရည်စူး၍ သူ၏ မွေးရပ်ဇာတိမြေ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ ကြက်တိန်ညင် ဘုရားကုန်းပေါ်၌ သံဃာဆွမ်းကျွေးပွဲ အခမ်းအနားတရပ် ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ဒေသခံ မွန်ပြည်သူလူထု (၂၀၀) ခန့် တက်ရောက်ကြသည်ဟု နိုင်အောင်ထွန်း၏ သားဖြစ်သူ နိုင်တင်အောင် က ပြောသည်။

နိုင်အောင်ထွန်းနှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငရွာရှိ သူ၏ အုတ်ဂူ
နိုင်အောင်ထွန်းနှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငရွာရှိ သူ၏ အုတ်ဂူ

“ကြက်တိန်ညင်ဘုရားကုန်းပေါ်မှာ သူ့အရိုးပြာ အုတ်ဂူ တည်ထားပါတယ်၊ သူ့ကို ကြည်ညို လေးစားသူတွေ သားတပည့်တွေက နှစ်စဉ် ဧပြီလ ၂၉ ရက်နေ့ ကျရောက်တိုင်း သူ့ကို ရည်စူးပြီး သံဃာဆွမ်းကျွေးပွဲလုပ်ကာ ရေစက်ချ အမျှဝေကြပါတယ်” ဟု နိုင်တင်အောင်က ဆက်ပြောသည်။

ယခင်နှစ်များတွင် ရပ်ဝေးရှိ မွန်နိုင်ငံရေး ခေါင်းဆောင်များနှင့် မွန်စာပေ ယဉ်ကျေးမှု အဖွဲ့ဝင်များ တက်ရောက်ကြသဖြင့် ထောင်နှင့်ချီသော လူထုအခမ်းအနား ကျင်းပနိုင်ခဲ့သည်။

နိုင်အောင်ထွန်း ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သော မွန်ပြည်သူ့တပ်ဦးသည် ၁၉၅၈ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ မိုင်ဒါကွင်း၌ လက်နက်ကိုင် တိုက်ပွဲအသွင်မှ ပါလီမန ်ဥပဒေဘောင်အတွင်း တိုက်ပွဲအသွင် ပြောင်းလဲခြင်း အခမ်းအနား ကျင်းပခဲ့ရာ ဦးနုအစိုးရထံ အကြွင်းမဲ့ လက်နက် အပ်နှံခဲ့ကြသည်။

ထို့နောက် ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့ အထွေထွေရွေးကောက်ပွဲ၌ ကျိုက္ခမီမြို့နယ် မဲဆန္ဒနယ်မြေတွင် အနိုင်ရပြီး ပြည်သူ့လွှတ်တော်အမတ် ဖြစ်ခဲ့သည်။

ဦးနုအစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဌာနများကိုပါ ပူးတွဲ တာဝန်ယူခဲ့သည်။

၁၉၆၂ – ခု ဗိုလ်နေဝင်း စစ်အာဏာသိမ်းစဉ်တွင် (၆) နှစ်ခန့် အကျဉ်းကျ ခံလိုက်ရသည်။

ထို့နောက် တော်လှန်ရေးကောင်စီ (ဗိုလ်နေဝင်း စစ်အစိုးရ) ၏ ၃၃ ဦးပါ နိုင်ငံတော် သမ္မတ အကြံပေး အဖွဲ့တွင် မွန်အမျိုးသား ခေါင်းဆောင် နိုင်ဖိုးချိုနှင့်အတူ ပါဝင်ခဲ့ကြသည်။

၁၉၇၀ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်၌ မော်လမြိုင် နေအိမ်တွင် နိုင်အောင်ထွန်း ကွယ်လွန် အနိစ္စရောက်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ် ဖြစ်သည်။

ထို့နောက် မဆလ အစိုးရလက်ထက်၌ နိုင်ငံဂုဏ်ရည် မော်ကွန်းဝင် (ပထမဆင့်) ချီးမြှင့်ခံရသည်။

နိုင်အောင်ထွန်းအား အမျိုးသား အာဇာနည် ခေါင်းဆောင်တဦးဟု မွန်အမျိုးသားများ သတ်မှတ်ထားကြောင်း မွန်စာနယ်ဇင်းများနှင့် သမိုင်းသုတေသန ရေးသားဖေါ်ပြချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts