ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီးအဖြစ် နိုင်သက်လွင်သည် ယနေ့(မတ်လ ၃၀ ရက်နေ့) တွင် ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်၌ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကတိသစ္စာပြု ကျမ်းသစ္စာကျိန်ဆိုပြီးစီးပြီ ဖြစ်သည်။
NLD ပါတီက ဦးဆောင်ဖွဲ့စည်းသော အစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန (၂၁) ခုနှင့် ဝန်ကြီး (၁၈) ပါးသာ ပြင်ဆင်ဖွဲ့စည်းထားရာ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ရန် မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ (၁) နိုင်သက်လွင်အား သမ္မတဦးထင်ကျော်က အမည်စားရင်းတင်သွင်းလိုက်ခြင်း ဖြစ်သည်။
ထို့အတူ သမ္မတသစ်ဦးထင်ကျော်သို့ သမ္မတဟောင်း ဦးသိန်းစိန်မှ အာဏာလွှဲပြောင်းခြင်းအခမ်းအနားကိုလည်း နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ယနေ့ရက်စွဲဖြင့် ကျင်းပခဲ့ပြီးဖြစ်သည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန သီးခြားမရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် တိုင်းရင်း သားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၎င်းဥပဒေအရ တိုင်းရင်းသားရေးရာဝန် ကြီးဋ္ဌာနကို သမ္မတဦးထင်ကျော် ခေါင်းဆောင်သော NLD အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်သည်ဟု သုံးသပ်မှုများရှိသည်။
နိုင်သက်လွင်၏ သားဖြစ်သူ မင်းဗညားစန်း၏ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာတွင် “အဖေ က ပြောတယ် ဝန်ကြီးဆိုတဲ့ အာဏာရတာမဟုတ်ဘူး တာဝန်ယူရတာ၊ အရင်က တစ်မျိုးသားလုံး(မွန်)အတွက်ဘဲ တာဝန်ယူရတာ အခု တိုင်းရင်းသား အားလုံးအတွက် တာဝန်ယူရပြီတဲ့” ဟု ရေးသားထားသည်။
တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်ခြင်းခံရသူ နိုင်သက်လွင်သည် ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့စတင်ဖွဲ့စည်းချိန်၊ ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP၊ ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် ဒုဥက္ကဌ တာဝန်များ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
နိုင်သက်လွင်အား တိုင်းရင်းသားဝန်ကြီးခန့်အပ်မှုအပေါ် မကြာမီရက်ပိုင်းတွင် မွန်အမျိုးသားပါတီ MNP သဘောထားထုတ်ပြန်ကြေညာမည်ဟု မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။
နိုင်သက်လွင်သည် မော်လမြိုင်တက္ကသိုလ်မှ ဘီအေ (ဒဿနိကဗေဒ) ဘာသာရပ်ဖြင့်ဘွဲ့ရခဲ့ပြီး ကုန်သည်နှင့် မွန်အမျိုးသားရေးလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများကာ လက်ရှိအချိန်တွင် အသက် ၇၅ နှစ်ရှိပြီဖြစ်သည်။
သမ္မတဦးထင်ကျော်လက်ထက် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်းဝန်ကြီးဌာန (၄) ခုကို တာဝန်ယူမည်ဖြစ်ပြီး ဒေါက်တာအောင်သူက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဦးသန့်စင် မောင်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သူရဦးအောင်ကိုက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဦးအုန်းဝင်းက သံယံဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဦးသိန်း ဆွေက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးကျော်ဝင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဦးခင်မောင်ချိုက စက်မှုဝန်ကြီးဌာန၊ ဦးမြင့်ထွေးက ကျန်းမာရေးဝန်ကြီးဌာန၊ ဦးဝင် ခိုင်က ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ဦးဝင်းမြတ်အေးက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဦးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ဦးသန်းမြင့်က စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ နိုင်သက်လွင်က တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဒေါက်တာဖေမြင့်က ပြန်ကြားရေး ဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြည် ထဲရေးဝန်ကြီးဌာနနှင့် ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်က နယ်စပ်ရေးရာဝန်ကြီးဌာန အသီးသီးတို့ကို တာဝန် ယူကြမည်ဖြစ်သည်။