သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ ခုရှိ လူဦးရေ ၂ သိန်းခွဲခန့်အား မိုးပွင့်အထူးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးခဲ့ကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနမှ ဒုညွှန်မှူး ဦးသန်းဝင်းက ပြောသည်။
“ရွာတွေ ရပ်ကွက်တွေကို လိုက်လုပ်ပေးတာ။ တောကြိုအုံကြားထိ လိုက်လုပ်ပေးပါတယ်။ သာမန်ကြည့်ရင်တော့ အကျိုးကျေးဇူးတွေကို မမြင်နိုင်ဘူး။ နိုင်ငံသားစိစစ်ရေးရတာနဲ့ နိုင်ငံသားအခွင့်အရေးတွေ အကုန်လုံးရတယ်” ဟု ဦးသန်းဝင်းက ပြောသည်။
တစ်နှစ်ပြီးတစ်နှစ် မိုးပွင့်စီမံချက်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ရာ ၄ နှစ်အတွင်းတွင် တစ်နိုင်ငံလုံးအနေဖြင့် လူဦးရေ ၄ သန်းခွဲ ၅ သန်းနီးပါးကို နိုင်ငံသားစိစစ်ရေးကဒ် လုပ်ပေးခဲ့သည်ဟု သူကဆိုသည်။
ဦးသန်းဝင်းက “ရုံးမှာလည်းလုပ်၊ ပြည်သူတွေဆီကိုလည်း တိုက်ရိုက်လုပ်ပေးတယ် လုပ်ပေးရမယ်။ အရင်တုန်းက ကျနော်တို့ လုပ်ခဲ့တာက တစ်လမှာမှ ၂ ရွာလောက်ဆင်းတာ။ ဟိုတုန်းက ဖိတ်ခေါ်မှ သွားတာရှိတယ်။ အခုက မဖိတ်ခေါ်လည်း သွားတယ်” ဟု ပြောသည်။
ယခင် နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ရာတွင် လိုအပ်သည့်အချက် ၁၀ ချက်မှ ၇ ချက်သို့လျော့ချပေးခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
မုဒုံမြို့၊ ကုက္ကိုတန်းရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား အသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်းနှင့် မိတ္တူလျှောက်ထား လိုသူများ၏စာရင်းကို ကောက်ခံနေသော်လည်း မိမိတို့ရပ်ကွက်တွင် ယင်းကဲ့သို့ လာရောက်ပြုလုပ်ပေးခြင်း မရှိသေး ကြောင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား အသစ်ပြုလုပ်ရမည့် မုဒုံမြို့ မြို့မ (၁) ရပ်ကွက်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။
နိုင်ငံတစ်ဝန်းရှိ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများ ထုတ်ပေးရန် ကျန်ရှိနေသူများကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လတာကာလအတွင်း မိုးပွင့်အထူးစီမံကိန်ဖြင့် လုပ်ဆောင်ပေး သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်တွင် လူဦးရေ ၂ သန်းကျော်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန ဝန်ထမ်းအရေအတွက် ၂၀ဝ ဦးခန့်ရှိသည်ဟု လဝကဌာနမှ သိရသည်။