Tuesday, March 10, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးအတွက် အခြေခံအချက်များ လိုအပ်နေသေးဟု နိုင်ဟံသာပြော

    ငြိမ်းချမ်းရေးအတွက် အခြေခံအချက်များ လိုအပ်နေသေးဟု နိုင်ဟံသာပြော

    -

    စစ်မှန်သည့် ငြိမ်းချမ်းရေး သဘောတူညီမှုရရှိရန် အခြေခံအချက်များ လိုအပ်နေသေးဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ယနေ့တွင် ပြောသည်။

    နိုင်ဟံသာက “ပါတီ၊ အဖွဲ့အစည်းတိုင်း၊ လူတိုင်းကတော့ ငြိမ်းချမ်းရေးကို လိုလားနေကြတာပဲ၊ အားလုံးကတော့ အမြန်ဆုံး ဖြစ်စေချင်နေကြတယ်၊ ဒါပေမယ့် သဘောတူညီချက်ရရှိဖို့ အခြေခံကျတဲ့ အချက်တွေ မရရှိသေးတော့ ဘာမှ ဆုံးဖြတ်ချက်ချလို့မရဘူး၊ ဒီအချက်က သိပ်အရေးကြီးတယ်” ဟု ဆက်ပြောသည်။

    ယင်းကဲ့သို့ သဘောတူညီမှုရရှိရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် NCCT တို့ လာမည့် ၁၅ -၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သူကဆိုသည်။
    အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် UPWC ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်း နှင့် နိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် မြန်မာငြိမ်းချမ်းရေးစင်တာ MPC တွေ့ဆုံပွဲတွင်လည်း “ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးဖြစ်ပေါ်နိုင်ရေး ဆောင်ရွက်ပေးရန်” နိုင်ငံရေးပါတီများထုတ်ပြန်ကြေညာချက်၌ တောင်းဆိုထားသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဒု-ဥက္ကဌ စောသန်းမြင့်က “ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire) ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို သုံးပွင့်ဆိုင် ဆက်ပြီးဆွေးနွေးဖို့ပါ ” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

    သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် NCCT နှင့် နိုင်ငံရေးပါတီများ အကြိုတွေ့ဆုံမှုတစ်ရပ်ကို လာမည့် ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဟု သိရသည်။

    ပြီးခဲ့သည့် မြစ်ကြီးနား အလွတ်သဘောတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် UPWC ကအဆိုပြုထားသည်ကို NCCT ဘက်မှလည်း မူအားဖြစ် သဘောတူထားကြောင်း MPC အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

    “လာမည့် ၁၈ ရက်နေ့ တွေ့ဆုံပွဲမှာတော့ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်လိုပုံစံတော့ ဖြစ်နိုင်တယ်၊ ဒါပေမယ့် နိုင်ငံရေးပါတီအားလုံးနဲ့မဟုတ်ပဲ တိုင်းရင်းသားဒေသတွေကို အခြေစိုက်တဲ့ ပါတီအားလုံးလောက်ကိုတော့ တစ်ဦးစီဖိတ်ကြားဖို့အတွက် ဦးအောင်မင်းက လျာထားပါတယ်” ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

    အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပါဝင်သင့်သည့်ပုဂ္ဂိုလ်များ ပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲကို ၂ဝ၁၅နှစ်ဆန်းပိုင်းတွင်စတင်ရန် အစိုးရဘက်မှ ဆန္ဒရှိနေကြောင်း နိုင်ငံရေးပါတီများနှင့် UPWC တို့ ပထမအကြိမ်တွေ့ဆုံစဉ် ဝန်ကြီး ဦးအောင်မင်း ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks