မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားကျေးရွာတွင် လူငယ်အမျိုးသား ၇ ဦးကို စစ်ကော်မရှင်တပ်မှ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က ညတွင်းချင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က ခိုးဆိုးလုယက်မှုကြောင့် စစ်ကော်မရှင်အဖွဲ့မှ ကားဖြင့် အနောက်မှလိုက်လံဖမ်းဆီးစဉ် ဆိုင်ကယ်ဖြင့်ထွက်ပြေးလာသူ ပလိုင်သိမ်ရွာသားတစ်ဦး ဒူးယားကျေးရွာ ဝယ်ဂူရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်သွားခဲ့ရာမှတစ်ဆင့် နေအိမ်အတွင်း ဝိုင်းဖွဲ့စားသောက်နေသည့် လူငယ်များပါ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း သိရသည်။
ကားဖြင့် လိုက်ပါလာသည့် စစ်ကော်မရှင်အဖွဲ့များသည် ထွက်ပြေးလာသူ ပလိုင်သိမ်းရွာသားတစ်ဦးနှင့်အတူ နေအိမ်အတွင်း ဝိုင်းဖွဲ့စားသောက်နေသူ လူငယ် ၆ ဦးကိုလည်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီးနောက် ဖမ်းဆီခေါ်ဆောင်သွားခဲ့ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“စစ်တပ်တွေက ပလိုင်သိမ်းရွာက ဒေသခံတစ်ယောက်ကို ကားနဲ့လိုက်ဖမ်းတယ်။ အဲပလိုင်သိမ်းသူက ဆိုင်ကယ်ရပ်ပြီး အဲဒီအိမ်ထဲကို ဝင်သွားတာ၊ အိမ်ရဲ့ခြံစည်းရိုးမှာက တံခါးမရှိဘူး။ အိမ်အောက်မှာ စားသောက်နေကြ၊ လူစုဝိုင်းနေကြတဲ့ လူငယ် ၆ ယောက်ရှိတယ်၊ သူတို့ကိုပါ အကုန်စစ်တယ်။ စစ်တော့ ဖုန်းမှာ သေနတ်ပုံတွေ့တော့ အကုန်လုံး ရေးရဲစခန်းကို ဖမ်းခေါ်သွားတယ်။ သူတို့က ကားနဲ့လာတာ သူတို့လူအများကြီး ” ဟု ရေးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းအပြင် အိမ်ရှင်ဖြစ်သူ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကိုလည်း ရိုက်နှက်ထားပြီး လူငယ်များကို ရေးမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဆိုသည်။
သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရွာလူကြီးများက ဖမ်းဆီးခံထားရသူ လူငယ်များကို နိုဝင်ဘာ ၂၅ ရက်နေ့က ရေးမြို့ရဲစခန်းသို့ သွားရောက်ကြည့်ရှု့ခဲ့ရာ ဖမ်းဆီးခံရသူ ၇ ဦးအနက် ၅ ဦးကိုသာ တွေ့ခွင့်ပေးပြီး ကျန် ၂ ဦးကို တွေ့ခွင့်မပြုကြောင်းလည်းဆိုသည်။
စစ်ဆေးမှုပြုလုပ်စဉ် လက်ကိုင်ဖုန်းအတွင်း သေနတ်ကိုင်ဆောင်ထားသည့် ပုံများကို တွေ့ရှိထားသူလူငယ်တစ်ဦးနှင့် ခိုးဆိုးလုယက်မှု လုပ်ဆောင်နေသူဟုဆိုသည့် ပလိုင်သိမ်ရွာမှ လူငယ်တစ်ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်းလည်း ဆိုသည်။
“အခုဆိုရင် အကုန်လုံးကို မလွှတ်ပေးဘူး။ မနေ့ကလူကြီးတွေသွားတွေ့တော့ ၅ ယောက်ပဲ တွေ့တာ၊ ဒါပေမဲ့ သူတို့ကိုတောင် ပြန်မလွှတ်ပေးဘူး။ ကျန်တဲ့နှစ်ယောက်ကတော့ ဘယ်ကိုပို့လိုက်မှန်းမသိဘူး။ မိဘတွေက ငိုနေကြ၊ စိတ်ပူနေကြတယ်။ အကုန်လုံးက ငယ်ငယ်ပဲ ရဟန်းတောင်မဝတ်ကြရသေးဘူးဆိုတော့လေ ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီခံရသူများသည် အသက် ၂၀ မှ ၂၂ နှစ်အရွယ် လူငယ်များဖြစ်ကြပြီး၊ စစ်ကော်မရှင်အဖွဲ့မှ ငွေကြေးပေးဆောင်မှု လက်မခံခြင်းကြောင့် မိဘအုပ်ထိန်းသူများ စိုးရိမ်နေကြကြောင်း ထိုသူကဆက်ပြောသည်။
စစ်ကော်မရှင်တပ်က PDF များနှင့်ဆက်စပ်မှုရှိခြင်း၊ ငွေကြေးထောက်ပံခြင်း စသည့် စွပ်စွဲချက်မျိုးစုံဖြင့် ဒေသခံများကို မကြာခဏ ဖမ်းဆီးလေ့ရှိသဖြင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်ကို စိုးရိမ်နေကြကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း အင်အား ၇၀ ကျော်ဖြင့် တောင်စွန်း-အာယုတောင်-တောင်ဘုံ- မော့ကနင်လမ်းပိုင်းတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသာ စစ်ကော်မရှင်စစ်ကြောင်းမှ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က လမ်းသွားလမ်းလာနှင့် ခြံလုပ်သား ၂၀ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် စစ်အုပ်စုမှ အရပ်သားများအား ဖမ်းဆီးမှု ဆက်လက်ကျူးလွန်နေခဲ့ပြီး စစ်မှုထမ်းဥပဒေကြောင့် အတင်းအကြပ်ဖမ်းဆီးမှု၊ ရွေးကောက်ပွဲဆန့်ကျင်ရေးအပြင် နယ်စပ်အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သတ်၍ ကျူးလွန်လျှက်ရှိသည်။



