spot_img
Friday, October 24, 2025
More
    spot_img
    Homeဆောင်းပါးKK Park အပါအဝင် ကျားဖြန့်စင်တာမှ အလုပ်သမားထောင်ချီ ဘာကြောင့် ထွက်ပြေးနေရလဲ

    KK Park အပါအဝင် ကျားဖြန့်စင်တာမှ အလုပ်သမားထောင်ချီ ဘာကြောင့် ထွက်ပြေးနေရလဲ

    -

    ရေးသူ – ဟံသာနွန်

    စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF/KNA ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် မြဝတီမြို့နှင့် ၁၀ မိုင်ကျော် အကွာ KK Park ကျားဖြန့်လုပ်ငန်းစင်တာအပါအဝင် စင်တာအချို့မှ အလုပ်သမားထောင်ချီ ထွက်ပြေးခွင့် ပြုထားခြင်းဖြစ်သည်ဟု မြေပြင်အခြေအနေသိရှိထားသူများမှ ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ငွေလိမ်လည်ဂိုဏ်းကြီးစိုးရာ KK Park ကို စစ်တပ်က ဟန်ပြ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ပြီးနောက် ယခုလို ဧက ၅၀၀ ကျော်ကျယ်ဝန်းသည့် KK Park ဝန်းအတွင်း အလုပ်လုပ်နေသော အလုပ်သမားများ ထွက်ပြေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

    “ရုပ်ရှင်ရိုက်နေတာပါ။ အခြေအနေအကြောင်းကြောင့် ပေးထွက်လိုက်တာပါ။ သူတို့(BGF/KNA)နဲ့ မညှိနှိုင်းပဲနဲ့ ဖြစ်လာစရာကို မရှိတာ။ ဒါက လုပ်ဇာတ်ပဲလေ.. စောင့်ကြည့်နေ သိပ်မကြာတော့ဘူး။ စစ်တပ်က အဲဒီအနားက ကျားဖြန့်ဂိုဏ်းကို ဝင်စီးနင်းတယ်ဆိုပြီး သတင်းထုတ်လာမှာ သေချာတယ်။ ဘယ်အရာကမှ မရိုးသားနေဘူး” ဟု ကရင်နိုင်ငံရေးသမားတဦးက မှတ်ချက်ပြုသည်။

    ထွက်ပြေးလာသည့် အလုပ်သမားများသည် ထိုင်း၊ မြန်မာ၊ က‌မ္ဘောဒီးယား၊ ကင်ညာ၊ တရုတ် အစရှိသည့် နိုင်ငံ ဆယ်နိုင်ငံထက်မနည်းမှ နိုင်ငံသားများ ပါဝင်သော်လည်း တရုတ်နိုင်ငံသား အများဆုံး ဖြစ်သည်။

    ယခုထွက်ပြေးလာသည့်အလုပ်သမားများသည် KK Park ဝင်းအတွင်း အလုပ်သမားတခုတည်းမဟုတ်ဘဲ ယင်းအနီးတဝိုက်တွင် အလုပ်လုပ်နေသည့် ကျားဖြန့်ငွေလိမ်လည်ကုမ္ပဏီများမှ အလုပ်သမားများ ပါဝင်ကြောင်း ကျားဖြန့်လုပ်ငန်းများနှင့် နီးစပ်သူအချို့က ပြောသည်။

    “ဒီနေ့(အောက်တိုဘာလ ၂၃ )ရက်အထိ ပြေးနေကြတုန်းပဲ။ သွားချင်တဲ့နေရာ BGF က ကားနဲ့ လိုက်ပို့ပေးနေ တာရှိတယ်။ မြန်မာပြည်သားတွေပေါ့လေ။ နိုင်ငံခြားသားကတော့ လူမြင်လူပြောစရာ မဖြစ်အောင် ခိုးရွှေ့တာ ရှိတယ်။ သူတို့မလိုတဲ့ နိုင်ငံခြားသားကျတော့ ထိုင်းဘက်သွားတာပေါ့” ကျားဖြန့်လုပ်ငန်းနှင့် နီးစပ်သည့် အသက် ၄၀ နှစ်အရွယ် မြဝတီမြို့ခံတဦးက ပြောသည်။

    သို့သော်လည်း နည်းပညာကျွမ်းကျင်အလုပ်သမားများနှင့် ကျားဖြန့်လုပ်ငန်းအတွက် အရေးပါ အရာရောက်သည့် အလုပ်သမားများကို ကရင်နယ်ခြားစောင့်တပ် BGF/KNA မှ လုံခြုံသည့်နေရာများသို့ ကြိုတင်ပြောင်းရွှေ့ပေးပြီး ဖြစ်ကြောင်း အထက်ပါနီးစပ်သူအချို့က ပြောသည်။

    လက်ရှိ မြဝတီမြို့နယ်ကျားဖြန့်ငွေလိမ်ဂိုဏ်းကနေ ထွက်ပြေးလာသည့် နိုင်ငံခြား အလုပ်သမား ၅၀၀ ထက်မနည်း သက်ဆိုင်ရာနိုင်ငံ ပြန်ပို့နိုင်ရေး ထိုင်းအာဏာပိုင်များက ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

    “ကိုယ့်နိုင်ငံသားတွေက ရွာမပြန်ရဲကြဘူး၊ အဓိက လူငယ်တွေ စစ်မှုထမ်းရမှာကြောက်တာ၊ ထိုင်းဘက်ပဲ ခိုးဝင် နေတယ်။ အခြေအနေစောင့်ကြည့်နေတဲ့သူက မြဝတီမှာပဲ အိမ်ငှားနေကြတာပေါ့” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် ပွဲစားတဦးက ပြောသည်။

    ထို့အပြင် ကရင်နယ်ခြားစောင့်တပ် BGF/KNA သည် စစ်တပ်အကူအညီရယူပြီး ကျားဖြန့်အလုပ်သမားအချို့ကို မြဝတီမြို့၊ ဘားအံ၊ မော်လမြိုင်၊ ဘုရားသုံးဆူ အစရှိသည့်မြို့များအပြင် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ မြို့များဘက်ကို ရွှေ့ပြောင်းပေးထားသည်ဟု သတင်း ကျယ်ကျယ်ပြန့်ပြန်ထွက်နေသော်လည်း လွတ်လပ်သော မွန်သတင်း အေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

    “ဘယ်လိုမှ နေလို့မရတော့တဲ့အခြေအနေဖြစ်လောက်မယ်။ နိုင်ငံတကာဖိအားလည်း ခံနေရတာ။ စစ်တပ်ကလည်း ဖိအားအမျိုးမျိုးပေးနေတဲ့အချိန်ဆိုတော့ သူ(BGF) အကုန်လုံး ရှင်းထုတ်လို့ရသလောက် ရှင်းထုတ်နေတာပဲ ထင်တယ်။ သူတို့မှာလည်း စိုးရိမ်ချက်တွေ ကြီးလာပြီး၊ သတိထားရမယ့်အခြေအနေ ဖြစ်လာပြီးလို့ သူ့ကိုယ်သူ သိလာတယ်” နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက သူ့အမြင်ကို ပြောသည်။

    သောင်းရင်းမြစ်ကမ်းတလျှောက် ရွှေကုက္ကိုလ်၊ အင်ကြင်းမိုင်၊ KK Park ၊ မယ်ထော်သလေး၊ ဧက ၁၀၀ ၊ ရွှေပိတောင်မြိုင်၊ AA ဆိုက်ဒ်၊ ကျောက်ခက် မြဝတီမြို့ပေါ် အပါအဝင် ထိုင်နိုင်ငံနှင့် ကရင်ပြည်နယ်နယ်နမိတ် ထိစပ်နေသည့်နေရာများတွင် ကျားဖြန့်လုပ်ငန်းကြီးငယ်ပေါင်း ၃၀၀ ထက်မနည်းရှိနေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ထားသည်။

    အဆိုပါလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများစုက ရင်းနှီးမြုပ်နှံထားခြင်းဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ် BGF/KNA၊ DKBA နှင့် ကရင်လက်နက်ကိုင်အဖွဲ့အချို့ ရှယ်ယာများပါဝင်နေသည့်အပြင် လုံခြုံရေးယူပေးထားပြီး မြန်မာစစ်တပ်အရာရှိအချို့နှင့် အကျိုးအမြတ်ခွဲဝေယူနေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

    အဆိုပါကျားဖြန့်ငွေလိမ်လည်လုပ်ငန်းများတွင် KNU ထိပ်ပိုင်းခေါင်းဆောင် အချို့ပါဝင်ပတ်သက်မှု ရှိသည်ဟု စစ်တပ်အပါအဝင် အဖွဲ့အစည်းအချို့က စွပ်စွဲပြောဆိုထားသော်လည်း KNU က ငြင်းဆန်ထားသည်။

    ကျားဖြန့်လုပ်ငန်းခေါင်းခိုင်ဖခင်လို့ တင်စားရလောက်သည့် စောချစ်သူဦးဆောင်သည့် BGF နှင့် စစ်ခေါင်းဆောင် များသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသလို တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုကို အလူးအလည်းခံနေရသည့်အချိန် ဖြစ်သည်။

    ထို့ကြောင့် မြဝတီမြို့အပါအဝင် ကော့ကရိတ်-အာရှလမ်းပိုင်းနေရာအများစုကို ထိန်းချုပ်ထားနိုင်ခဲ့သည့် စစ်အုပ်စုသည် ချက်ချင်းပင် ကရင်နယ်ခြားစောင့်တပ် BGF နှင့် ညှိနှိုင်းမှုပြုလုပ်ပြီးနောက် ကျားဖြန့်လုပ်ငန်းရှိရာကို ဟန်ပြအနေဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

    အောက်တိုဘာလ ၁၉ ရက် ထုတ်ပြန်ချက်အရ KK Park ဝင်း ဝင်ရောက်စီးနင်းမှုအတွင်း Star Link အလုံး ၃၀ နှင့် အလုပ်သမား နှစ်ထောင်နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း စစ်အုပ်စု ထုတ်ပြန်ခဲ့သော်လည်း အလုပ်သမားများ၏ ဓါတ်ပုံကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    “ဒီမှာ ဆက်လုပ်လို့မရရင် အခြားနေရာပြောင်းမှာပေါ့။ သူတို့အတွက် အရေးကြီးတဲ့သူတွေက ခေါ်ထုတ်ထားတာ ကြာပြီးပဲ။ နေရာအများကြီးရှိပါတယ်။ ဒါက လုပ်နေကြပုံစံပါပဲ။ ဘာမှ မထူးဘူးလို့ ထင်တာပဲ” ဟု အသက် ၃၅ နှစ်အရွယ်  မြဝတီမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

    မတရားဖမ်းဆီးခံရပြီး အွန်းလိုင်းငွေလိမ်လည်ဂိုဏ်များတွင် အလုပ်လုပ်ကိုင်နေရသည့်သူများ၊ ညှင်းပမ်းနှိပ်စက် ခံနေရသူများအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခံနေရသူများအတွက် ပြန်လည်လွတ်မြောက်ဖို့ အချိန်အခါကောင်းတခုဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ယခုနှစ်ထဲတွင် ထိုင်း-မြန်မာ၊ တရုတ်သုံးနိုင်ငံပူးပေါင်းမှုဖြင့် နယ်စပ်တလျှောက်ရှိ ကျားဖြန့်အဖွဲ့များ ဖြိုးခွင်းခဲ့ပြီး အလုပ်သမား တသောင်းနီးပါး နေရပ်ပြန်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

    ထို့အပြင် နယ်စပ်တွင် ကျားဖြန့်ငွေလိမ်လည်ဂိုဏ်းရှိနေခြင်းကြောင့် လူကုန်းကူးမှုများ အပါအဝင် ထိုင်းနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုများ ရှိလာသလို အဆိုပါလုပ်ငန်းများကို နှိမ်နင်းနိုင်ရေး မြန်မာနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသော နေရာ ၅ ခုကို လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက် ဖြတ်တောက်ထားသည်မှာ ၇ လကြာရှိပြီးဖြစ်သည်။

    မြဝတီမြို့နယ် ရွှေကုက္ကိုလ်အပါအဝင် ကျားဖြန့်လုပ်ငန်းတွင် ၄ နှစ်နီးပါးကြာ အလုပ်လုပ်ခဲ့ဖူးသူတဦးက “ဒီလိုမျိုး ပြန်လွှတ်တာ မတွေ့ဖူးဘူး။ ဒီလောက်များတဲ့ ပမာဏက ခုမှ တွေ့ဖူးတာ။ ဟိုတုန်း အဖမ်းအဆီး ဘာညာရှိတယ်ဆို ခဏတဖြုတ် အပြင်မပေးထွက်တာတို့ အဲလောက်ပါပဲ။ တခုရှိတာက အများကြီးရင်းနှီးထားတဲ့ အလုပ်တခုကို လွယ်လွယ်နဲ့တော့  အလျှော့ပေးမှာမဟုတ်ဘူး။ တရုတ်ဆိုတဲ့အမျိုးတွေက အခြားနေရာမှာ တခုခု စီစဉ်ထားတာ ရှိနေလောက်ပြီး ထင်တယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,700SubscribersSubscribe
    spot_img

    Latest posts