စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဖျက်သိမ်းခြင်း ခံလိုက်ရသော အမျိုးသမီးပါတီ (မွန်) အနေဖြင့် ပါတီရှင်သန်ရေး ဆက်လက်လုပ်ဆောင်သွာမည်ဟု ပါတီဥက္ကဋ္ဌဖြစ်သူ မိသန်းရှင်က ပြောသည်။
စစ်ကော်မရှင်က သတ်မှတ်ထားသော ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်း သတ်မှတ်အရေအတွက် မပြည့်မီဟုဆိုကာ အမျိုးသမီးပါတီ (မွန်) အပါအဝင် နိုင်ငံတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၄ ခုကို ဖျက်သိမ်းကြောင်း စက်တင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားသော်လည်း ပါတီပြန်လည်ရှင်သန်ရန် ဆက်လက်လုပ်ဆောင်မည်ဟု မိသန်းရှင်က ပြောသည်။

“ကျမတို့လည်း ပါတီမှာ မပြိုင်ရတာ ရွေးကောက်ပွဲ မပြိုင်ရတာ ဘာမှ မဖြစ်ပါဘူး။ ဘာဖြစ်သလဲဆိုတော့ ကျမတို့ လုပ်တာက ရွေးကောက်ပွဲအတွက် အမတ်ဖြစ်ချင်လို့၊ ဝန်ကြီးဖြစ်ချင်လို့မှ မဟုတ်တာ ကိုယ့်မွန်ဒေသတွေမှာ ကိုယ့်မွန်တွေဆီ အရောက်သွားလို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လောက်ပဲ ဆိုတော့ စိတ်ဓါတ်ကျတာတော့ မရှိဘူးလေ။ ဒါပေမဲ့ ပါတီက ဆက်လက်ရှင်သန်သွားဖို့က ကျမတို့က လူကြီးတွေဆီမှာ ခွင့်တောင်းရမှာပေါ့၊ ပြန်ပြီးမှ လျှောက်တင်ရမှာပေါ့နော်၊ အဲဒါကြတော့ ပါတီပြန်ရှင်အောင်တော့ ကျမတို့ ဆက်ပြီးမှ ကြိုးစားရဦးမှာပေါ့၊ ဒါပေမဲ့ ရွေးကောက်ပွဲကြတော့ မမှီတော့ဘူးလေ၊ အဲဒီလို” ဟု မိသန်းရှင်က ပြောသည်။
မိမိတို့အနေဖြင့် စစ်ကော်မရှင်၏ သတ်မှတ်ချက် ပါတီဝင်များ၊ ပါတီရုံးခန်းများ ပြည့်မှီသော်လည်း ဖုန်းလိုင်းအခက်အခဲများကြောင့် ပါတီရုံးခန်းအချို့၏ မှတ်ပုံတင်နံပတ် မရရှိဘဲ သတ်မှတ်ရက်ကို ကျော်လွန်သွားသည့်အတွက် ဖျက်သိမ်းခံလိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (စ) နှင့် (ဇ) တို့အရ ပါတီဝင်ဦးရေ နှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး UEC သို့ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံး တင်ပြရမည်ဟု ဆိုသည်။
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်တို့တွင် ဖွင့်ထားသော အမျိုးသမီးပါတီ (မွန်) ပါတီရုံးခန်းများ သတ်မှတ်ရက်အတွင်း အချိန်မီ မတင်ပြနိုင်ခဲ့ကြောင်း၊ ထိုကိစ္စကြောင့် မိမိတို့ ပါတီကို ဖျက်သိမ်းရခြင်းမှာ မှားနေသလားဟု ယူဆကြောင်း မိသန်းရှင်က ပြောသည်။
“ဘယ်လို ပြောမလဲ ကျမတို့သွားလို့ မမီလိုက်ဘူး။ သူတို့ စာတွေ ထုတ်လိုက်တာလေ၊ ပါတီပါ ဖျက်သိမ်းလိုက်တာ အမှန်ကတော့ ရွေးကောက်ပွဲမှာ ကျမတို့ လုပ်လို့ မမီလို့ ရွေးကောက်ပွဲမှာ ဝင်ခွင့်မရှိဘူးဆိုတာလောက် ကျမတို့ လက်ခံတယ်လေ။ ပါတီပါ ဖျက်သိမ်းတာကြတော့ ကျမတို့မှာ အပြစ်မှ မရှိတာ ဘာလို့ ဖျက်သိမ်းရမှာလည်း အခုက ပါတီပါ ဖျက်သိမ်းတော့ နည်းနည်းများ မှားနေသလားလို့ ကျမအဲဒီလိုမျိုးပေါ့နော်” ဟု ပြောသည်။
စစ်ကော်မရှင်၏ သတ်မှတ်ရက်အထိ ပါတီဝင်ဦးရေမပြည့်မှီသည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) နှင့် ပါတီရုံးခန်အရေအတွက် မပြည့်မှီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်းနိုင်ငံရေးပါတီ (၄) ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ဖော်ပြသည်။
စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလအတွင်း ပထမပိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု ထုတ်ပြန်ထားပြီး အတိုက်အခံအင်အားစုများကလည်း ၎င်းရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။