ယခုနှစ် မွန်ပြည်နယ် ၊ချောင်းဆုံမြို့နယ် တပေါင်းလပြည့်ရက်နေ့ဘုရားပွဲတို့တွင် ကျေးရွာအတွင်း၌ လူငယ်များမရှိသလောက်နည်းပါးလာနေသည်ဟု ဒေသခံတို့ကပြောသည်။
ပြီးခဲ့သည့် တပေါင်းလဆန်း ၁၃ ရက်၊ ၁၄ ရက်နှင့် လပြည့်နေ့တို့တွင် ဒေါင်းဥ၊ ဒေါင်းရပ်နှင့် ဒရယ်ရွာ တို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘုရားပွဲကျင်းပခဲ့ရာ ဧည့်သည်လာရောက်ခြင်းမရှိဘဲ ကျေးရွာအတွင်း၌ကျောင်းအနေအရွယ် ကလေးနှင့် လူလတ်ပိုင်းအရွယ်တို့သာတွေ့နေရသည်ဟု ဒရယ်ရွာဒေသခံတစ်ဦးကပြောသည်။

“ လျော့သွားတာပေါ့၊ ဒီနှစ်က ကာလသားတွေမရှိတော့ဘူး၊ လူလတ်ပိုင်းပဲ များတယ်၊ အထက်တန်းအရွယ် လူငယ်တွေလောက်ရှိကြတော့တယ်၊ အလုပ်လုပ်လို့ရတဲ့ အရွယ် တွေဆို အခြားနိုင်ငံထွက်ကြကုန်တယ် ဧည့်သည် တွေလည်း သိပ်မများတော့ဘူး ” ဟု ၎င်းကပြောသည်။
ထို့ပြင် ဘုရားပွဲကာလ၌ ဒေသခံလူငယ်များ နေရပ်တွင်မရှိသည့်အပြင် အသွားအလာစစ်ဆေး နေရပြီး လုံခြုံမှုမရှိသဖြင့် ရပ်ဝေးဧည့်သည်များလည်းလာရောက်မှု နည်းပါးလျှက်ရှိသည်။
တစ်ပေါင်းလပြည့် ချောင်းဆုံးဘုရားပွဲနှင့် တစ်ဆက်တည်းဖြစ်သည့် သင်္ကြန်ရက်ရှည်ဘုရားပွဲတွင်လည်း ဒေသခံလူငယ်တို့ လုံးဝပါဝင်ခြင်းမရှိသည့် အခြေနေဖြစ်နိုင်ကြောင်း ဒေသခံတို့ သုံးသပ်ပြောဆိုသည်။
စစ်မှုထမ်းဥပဒေနှင့် ပညာရေး၊စီးပွားရေးကိစ္စကြောင့် နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်နေသည့်လူငယ်များသည် အချိန်ကာလကြာလာသည်နှင့်အမျှ ဇာတိမြေသို့မပြန်ရဲတော့သည့်အပြင်၊ လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းနှင့် ကြိုးစားထွက်ခွာနေသည့် လူငယ်တို့ နေ့စဉ်ရှိနေသည်ဟု မုဒွန်းရွာဒေသခံတစ်ဦးကပြောသည်။
“အခုက ထိုင်းကနေရွာပြန်တဲ့သူက မရှိတော့တာ၊ ရွာပြန်လည်ပြီး ပျော်ဖို့က အရင်အခြေအနေနဲ့မတူတော့ဘူး ပြန်ပြီးရင်လည်း ထိုင်းပြန်ဝင်မရတော့မှာစိုးရိမ်ရတယ်၊ ရွာမှာကျန်နေတဲ့သူတွေက ထိုင်းတက်ဖို့၊ နိုင်ငံခြားတက်ဖို့အချိန်စောင့်နေတာ အခက်အခဲရှိသေးလို့သာ ကျန်နေတာမဟုတ်ရင်ထွက် ကြကုန်ပြီး ” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ဒေသတွင်း လူငယ်နည်းပါးသွားသည့် အခြေအနေသည် လူမှုအသိုင်းအဝိုင်းအပေါ် များစွာအကျိုးသက်ရောက်မှုရှိနေကြောင်းလည်း ဆက်ပြောသည်။
သို့သော် ချောင်းဆုံဒေသမှ လူငယ်တို့ကို စစ်မှုထမ်းရန် ငွေကြေးဖြင့်သော်လည်းကောင်း အဓမ္မနည်းဖြင့်သော်လည်းကောင်း စစ်မှုထမ်းစေပြီး အရှေ့တန်းသို့ပို့ဆောင်ခံနေရခြင်းသည့် ဒေသခံလူငယ်တို့အတွက် ထိန့်လန့်ဖွယ် တစ်ခုဖြစ်နေသည်။
လာမည့် ချောင်းဆုံသင်္ကြန် ရက်ရှည် ဘုရားပွဲကို ဇာတ်ပွဲ လောင်းကစားပွဲတို့ဖြင့် စည်စည်ကားကား ကျင်းပရန်ရှိပြီး အိမ်တိုင်း ထမင်း၊ ဟင်းနှင့်ချောင်းဆုံဒေသမှထွက်သည့် မုန့်ပဲသရေစာ၊ စားသောက်ဖွယ်ရာမျိုးစုံတို့ကို ပုံမှန်အတိုင်း ဧည့်ခံကျွေးမွေးခြင်းဖြင့် ကျင်းပရန်ရှိကြောင်း သိရသည်။