Thursday, March 12, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသခံများကို စစ်ကောင်စီတပ် သွားလာခွင့် ပိတ်ထား

    ဂျိုင်းမြစ်ဒေသခံများကို စစ်ကောင်စီတပ် သွားလာခွင့် ပိတ်ထား

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ် ဂျိုင်းမြစ်တလျှောက်ရှိ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဂျိုင်းမြစ်တလျှောက်ရှိ ကော့ဘိန်း၊ မင်းရွာ၊ ဓမ္မသ အစရှိသည့် ကျေးရွာများထဲကို စစ်ကောင်စီတပ်တို့က စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ပြုလုပ်နေပြီး ဒေသပြည်သူများကိုလည်း သွားလာခွင့် ပိတ်ပင်ထားသည်။

    “လောလောဆယ် ကော့ဘိန်းတို့၊ မင်းရွာတို့ဘက်က ဒေသခံတွေကို ကျိုက်မရောဘက်ကိုသွားလာခွင့်မပြုတော့ဘူး။ တရနာကျေးရွာဘက်မှာ စစ်တပ်ကပိတ်ထားတယ်။ အကယ်၍များ တိုက်ပွဲတွေပြန်ဖြစ်လာရင်တော့ ဒေသခံတွေအကုန်ဒုက္ခရောက်ကြမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ညက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ – ၈၁ နှင့် ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ ကော့ဘိန်းကျေးရွာနှင့် မင်းရွာကျေးရွာအနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

    လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် မင်းရွာကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

    “ကော့ဘိန်းဘက်မှာ တော်လှန်ရေးအဖွဲ့တွေက စစ်အင်အားဖြည့်တင်းနေတယ်ဆိုပြီးတော့ ကော့ဘိန်းကျေးရွာဘက်ရော၊ မင်းရွာကျေးရွာဘက်ရော၊ ဓမ္မသကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာထဲကိုတော့ မပစ်ဘူး။ ရွာအပြင်ဘက်ကို ပစ်နေတာ။ ခြောက်လှန့်ပစ်ခတ်မှုမျိုး လုပ်နေတာမျိုးပါ” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောသည်။

    ဂျိုင်းမြစ်ဒေသကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း အင်အားဖြည့်တင်းလာတာမျိုးရှိနေသည်။

    ၎င်းပြင် လတ်တလောတွင်လည်း ဂျိုင်းမြစ်ဒေသဘက်တွင် စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနေသည့်အတွက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပြန်ဖြစ်ပွားလာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

    တဘက်တွင်လည်း စစ်ကောက်စီဘက်က သွားလာခွင့်ကို ပိတ်ပင်ထားသည့်အတွက် တိုက်ပွဲဖြစ်ပွားလာခဲ့လျှင် ထွက်ပြေးမရမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။

    မင်းရွာကျေးရွာခံတစ်ဦးက “ဂျိုင်းမြစ်ဒေသအတွင်းမှာ အကယ်၍များ တိုက်ပွဲတွေဖြစ်လာခဲ့ရင်လည်း ဒေသခံတွေကို ပေးမထွက်တဲ့ ပုံစံမျိုး စစ်ကောင်စီတပ်ဘက်က လုပ်ထားတယ်။ ပြောရရင် ဓါးစာခံပုံစံမျိုးလုပ်ထားတယ်ပေါ့ဗျာ။ ရွာကလူတွေက ထွက်ပေါက်မရှိဘူး ဖြစ်နေကြတယ်။ အရင်တခါ တိုက်ပွဲတွေဖြစ်တုန်းက တောလမ်းတွေကနေ ပြေးလို့လွှားလို့ ရသေးတယ်။ အခုက မိုးရွာထားတော့ တောလမ်းတွေကိုလည်း သွားလာလို့ အဆင်မပြေတော့ဘူး။ အဲ့ဒီအပြင်ကို လှေဆိပ်တွေကိုပါ ပိတ်မယ်ဆိုရင်တော့ ဒေသခံတွေ ကြားညှပ်သွားဖို့ရှိနေတယ်” ဟု ပြောသည်။

    ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို KNU/KNLA/NMSP (AD)/PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ ဂျိုင်းမြစ်ဒေသအတွင်း တိုက်ပွဲပြင်းထန်လာခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်တာ၊ စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာနှင့် အနီးနားကျေးရွာတို့မှ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

    စစ်ရေးပဋိပက္ခကြောင့် ဂျိုင်းမြစ်ဒေသတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးအပါအဝင် အရပ်သား ၃၀ ဦးထက်နည်း ထိခိုက်သေဆုံးခဲ့ရသည့်အပြင် ပြည်သူ ၅၀၀၀၀ ကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks