Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရေး-သံဖြူဇရပ်မော်တော်ကားလမ်းအပိုင်း ပိုမိုပျက်စီးနေသဖြင့်သွားလာမှုခက်ခဲနေ

    ရေး-သံဖြူဇရပ်မော်တော်ကားလမ်းအပိုင်း ပိုမိုပျက်စီးနေသဖြင့်သွားလာမှုခက်ခဲနေ

    -

    မင်းသုတ – ယခုအခါ ရေး-သံဖြူဇရပ်မော်တော်ကားလမ်းအပိုင်းပိုမိုပျက်စီးနေသဖြင့် မော်တော်ယာဉ်များ သွားလာမှုခက်ခဲနေကြောင်း ထားဝယ်မြို့နှင့်ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် ရွှေလီရတနာကား ဒရိုင်ဘာတစ်ဦးက ပြောသည်။

    ရေး-သံဖြူဇရပ်လမ်းပျက်စီးနေပုံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ရေး-သံဖြူဇရပ်လမ်းပျက်စီးနေပုံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    “လမ်းမပေါ်ကချိုင့်တွေ အနက်ကြီး၊ ပတ်ရှောင်ကွေ့ဝိုက်သွားနေရတာ အင်မတန်အချိန်ကုန်တယ်၊ ယာဉ်ကြောခဏခဏ ပိတ်တယ်၊ တဖက်ကားတန်းကို စောင့်ရတာအကြာကြီး၊ ဒီနှစ်မှာ လမ်းအခြေအနေ အဆိုးဆုံးပဲလို့ ပြောနိုင်တယ်” ဟု ယင်းဒရိုင်ဘာက ပြောသည်။

    ရေး-သံဖြူဇရပ်ကားလမ်းသည် မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းသို့သွားရောက်နိုင်သော တစ်ခုတည်းသော အဓိကပင်မလမ်းမကြီးဖြစ်သည်။

    “အခုတော့လမ်းပြင်တဲ့အဖွဲ့တွေကို မတွေ့ရတော့ဘူး၊ အရင်လတွေက သံဖြူဇရပ်မြို့အနီးနဲ့ ရေး-မော့ကနင်ကြားမှာ တခါတလေတွေ့ရတယ်၊ နည်းနည်းပါးပါးပဲ လမ်းဖာတာဖို့တာရှိတယ်၊ မိုးတွင်းလည်းဖြစ် ကားတွေလည်းအမြဲလိုလိုသွားနေတော့ သိပ်တော့မလွယ်ဘူးထင်တယ်” ဟု ရေး-မော်လမြိုင် ဟိုင်းလက်ကားဒရိုင်ဘာ ကိုသန်းလှက ပြောသည်။

    ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က သံဖြူဇရပ်-ရေးလမ်းပိုင်းနှင့်ပတ်သက်၍ “နိမ့်ကျွံချိုင့်ပေါက်ကြီးများနှင့် လမ်းပေါက်များအား ကျောက်သဲဖြည့်၍ ခင်းကြိတ်ခြင်းနှင့် ကြိုတင်ရောကျောက်ကတ္တရာဖြင့် ဖာထေးခြင်းလုပ်ငန်းများကို ၂-၉-၂၀၁၁ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ယာဉ်များ ချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ပါကြောင်း” ဟု စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။

    “ဝဲခမိနဲ့မော့ကနင်ကြားမှာ လမ်းအခြေအနေအဆိုးဆုံးပဲ၊ ဟိုဖက်ကားဒီဖက်ကား စိတ်ရှည်ရှည် သီးခံအောင့်အီးပြီး ခရီးသွားနေကြရတာပေါ့၊ သွားဖို့က ဒီတစ်လမ်းပဲရှိတာလေ” ဟု ဒရိုင်ဘာ ကိုသန်းလှက ဆက်ပြောသည်။

    အထူးသဖြင့် သံဖြူဇရပ်မြို့နယ်၊ ဝဲခမိရွာနှင့် လမိုင်းမြို့နယ်ခွဲလက်အောက်ခံ မော့ကနင်ရွာလမ်းပိုင်းသည် ပျက်စီးနေမှုအများဆုံးဟုခရီးသည်များပြောဆိုနေကြပြီး ထိုလမ်းအပိုင်းတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသည်ဟုလည်း သိရသည်။

    လွန်ခဲ့သည့်မေလနှင့် ဇွန်လများတွင် အဆိုပါလမ်းပိုင်း၌ မှန်လုံယာဉ်မီးတင်ရှို့ခံရခြင်းနှင့် ကားပေါ်ပါသူအချို့တို့အား အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်။

    ထို့အတူ ဇွန်လ ၁၁ ရက်နေ့တွင်လည်း မွန်နှင့်ကရင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ လမ်းပြင်ကန်ထရိုက်ရရှိထားသည့် အေးကိို(AK)မိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက်အလုပ်သမားဝန်ထမ်းတစ်ဦးအား ငွေကျပ်သိန်း ၁၅၀ ပေးဆောင်ရန် ပြန်ပေးဆွဲတောင်းဆိုမှု ဖြစ်ပေါ်ခဲ့သည်။

    ကျင်းပဆဲပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမြင့်သန်း၏ မေးမြန်းတင်ပြချက်ကိုပြန်လည်ဖြေကြားစဉ် ဆောက်လုပ်ရေးဌာန၊ ပြည်ထောင်စုဝန်ကြီးက “မော်လမြိုင် – ရေး-မလွှဲတောင်အပိုင်း လမ်းမိုင်အရှည် ( ၁၁၂) မိုင် (၆) ဖာလုံကို အေးကိိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက်သို့ ၁၆-၃-၂၀၁၁ ရက်နေ့မှစတင်၍ ဘီအိုတီစနစ်ဖြင့် လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တည်ဆောက်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားပါကြောင်း” ဟု ထည့်သွင်းပြောကြားခဲ့သည်ကို သတင်းစာများ၌ဖေါ်ပြခဲ့သည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်အမတ် မိမြင့်သန်းက“ရေးမြို့နယ်အတွင်းမှာပင် ဂိတ်ကြေး (၅) ဂိတ်ခန့် စဉ်ဆက်မပြတ်ကောက်ခံလျက်ရှိနေသည့်အတွက် ၄င်းကောက်ခံရရှိသော ဂိတ်ကြေးများကို လမ်းပြုပြင်ခြင်းမရှိဘဲ မည်သည့်နေရာတွင် အသုံးပြုနေသည်ကိုသိရှိလိုပါကြောင်း” ဟု ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

    သံဖြူဇရပ်-ရေးလမ်းအပိုင်းသည် (၅၆) မိုင် (၂) ဖာလုံရှည်လျား၍ မူလလမ်းတာပေါင်အကျယ် ပျမ်းမျှပေ (၂၀) ခန့်သာရှိသည့် ကတ္တရာလမ်းအမျိုးအစားဖြစ်သည်ဟုသိရပြီး အင်္ဂလိပ်လက်ထက်က ဖေါက်လုပ်ခဲ့သောလမ်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks