မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ကုသရေးစခန်းတွင် ဆေးလာဖြတ်သူ များလာကြောင်း ထားဝယ်ခရိုင် မူးယစ်ဆေးဝါး ထိန်းသိမ်းကုသရေးစခန်း တာဝန်ရှိသူတို့ထံမှ သိရသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် အကြောင့်အမျိုးမျိုးကြောင့် ရောက်ရှိလာသည့် မူးယစ်ဆေးစွဲသူများကို ၎င်းတို့ ပါတီခရိုင်ဌာနချုပ်များဖြစ်သည့် ထားဝယ်ခရိုင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနေသည်။
ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများလာသည့်အခြေအနေကြောင့်မူးယစ်ဆေးဖြတ်စခန်းတို့တွင်လည်း ဆေးလာဖြတ်သူ တဖြည်းဖြည်း များလာသည်ဟုလည်း ဆိုသည်။
ဆေးလာဖြတ်သူ များလာသည့်အတွက် နေရာအခက်အခဲကြောင့် လက်ရှိတွင် ဆေးဖြတ်သူလက်ခံခြင်းကို ခေတ္တခဏရပ်နားထားရသည်ဟု ထားဝယ်ခရိုင် မူယစ်ဆေးဝါး ထိန်းသိမ်းကုသရေးစခန်း တာဝန်ရှိသူ နိုင်ဗညားဌေးက ပြောသည်။
“လတ်တလောက အယောက် ၁၀၀ လောက်ရှိနေတယ်။ အယောက် ၁၀၀ လောက်ဖြစ်သွားလို့ နေရာမလုံလောက်မှုတွေ ဖြစ်လာတယ်။ အဲဒါကြောင့်မို့လို့ လူလက်ခံဖို့ကို ခေတ္တခဏ ရပ်နားထားရတယ်။ လာဖို့ မေးနေတဲ့လူတွေ ၁၀ ယောက်မက ရှိနေတယ်။ နေဖို့အဆောက်အဦး ဆောက်နေတာကလဲ မပြီးသေးတော့ လောလောဆယ် အယောက် ၁၀၀ ပဲ လက်ခံနိုင်တဲ့အနေအထားမို့ အယောက် ၁၀၀ ပဲ လက်ခံထားတယ်။ ဆောက်နေတာပြီးသွားရင်တော့ လူထပ်လက်ခံသွားမယ်” ဟု ၎င်းက ပြောသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် မူယစ်ဆေးဝါး ထိန်းသိမ်းကုသရေးစခန်းတွင် မွန်လူမျိုးများသာမက ဗမာနှင့် ထားဝယ်လူမျိုးများလည်းရှိပြီး အသက်အပိုင်းအခြားအနေဖြင့် အသက် ၁၃ နှစ်မှ အသက် ၆၅ နှစ်အထိရှိသည်ဟု သိရသည်။
မွန်ပြည်သစ်ပါတီ ဆေးဖြတ်စခန်းတို့တွင် ရောက်ရှိနေသူများသည့် မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးရမိသူများရှိသလို တချို့ကလည်း မိဘများကိုယ်တိုင် လာရောက်အပ်နှံထားသူများလည်းရှိသည်။
လာရောက်အပ်နှံသူများတွင် အမျိုးသမီးငယ်များလည်း ပါဝင်ကြောင်း နေရာအခက်အခဲကြောင့် လက်ရှိတွင် အမျိုးသမီးများကို လက်ခံနိုင်ခြင်းမရှိသေးကြောင်းလည်း နိုင်ဗညားဌေးက ဆက်ပြောသည်။
“အမျိုးသမီးတွေ လာအပ်ဖို့ အကြောင်းကြားထားတာတွေရှိတယ်။ ဒါပေမဲ့ နေဖို့ နေရာမလုံလောက်လို့ သူတို့မိဘတွေကို ခဏစောင့်ပေးဖို့ ပြောထားရတယ်။ တစ်နေရာတည်းမှာ မိန်းကလေး၊ ယောင်္ကျားလေး၊ ခွဲထားတာမရှိတော့ မိန်းကလေးတွေကို လက်ခံဖို့က ခက်တယ်” ဟု ၎င်းက ဆိုသည်။
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးများကို ဈေးပေါပေါဖြင့် အလွယ်တကူဝယ်ယူရရှိနေသည့်အတွက် မူးယစ်ဆေးဝါးသုံးစွဲသူများလာသည်ဟု မူးယစ်ဆေးဝါးအရေး လှုပ်ရှားနေသူတို့က ပြောသည်။
မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးစွဲနေသူများကို ဆေးဖြတ်စခန်းတို့တွင် ထိန်းသိမ်းပြီး ပြည်လည်းထူထောင်မှု လုပ်နေသည့်အပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုလည်း ပြစ်ဒဏ်ချမှတ်ပြီး အရေးယူမှုများလည်း လုပ်ဆောင်နေသည်ဟု မွန်ပြည်သစ်ပါတီတာဝန်ရှိသူတို့ထံမှ သိရသည်။
