Thursday, March 12, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ်အတွင်း ကားတစ်စီးလုယက်ခံရမှုဖြစ်ပွား

    ပေါင်မြို့နယ်အတွင်း ကားတစ်စီးလုယက်ခံရမှုဖြစ်ပွား

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မတ်လ ၅ ရက်နေ့ ညပိုင်းက ကားတစ်စီး လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်၊ ဗိုလ်ချုပ်ရွာသစ်နေ ဒေါ်မြင့်မြင့်အေး ၄၆ နှစ် ပိုင်ဆိုင်သည့်ကားကို  သာကေတမြို့နယ်၊ ခိုင်ရွှေဝါရပ်ကွက်နေ ဟိန်းမင်းဇော် ၃၀ နှစ် ဆိုသူကို ယာဉ်မောင်းအဖြစ် ငှားရမ်းမောင်းနှင်စေခဲ့ပြီး ယာဉ်ပေါ်တွင် ဒေါ်မြင့်မြင့်အေး၏ သား၊ သမီးများဖြစ်ကြသည့် မကေသီယမင်း (၁၅) နှစ်၊ မစန္ဒီယမင်း (၁၁) နှစ် မောင်ရွှေပြည်စိုး (၇) နှစ်တို့ စီးနင်းလိုက်ပါလာသည့်ယာဉ်သည်  သံလျင်မြို့ မှ ပေါင်မြို့နယ် မုတ္တမကျေးရွာသို့ ထွက်ခွာလာခဲ့သည်ဟု သိရသည်။

    ထိုသို့ မောင်းနှင်လာစဉ် ပေါင်မြို့နယ် ကျုံကကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၈၂/၂ – ၃) ကြား အရောက်တွင် ယာဉ်မောင်းဖြစ်သူမှ အပေါ့သွားမည်ဟုဆိုကာ ကားရပ်၍ ကားပေါ်မှဆင်းသွားစဉ် အမည်မသိ အမျိုးသား (၃) ဦးက ယာဉ်ပေါ်သို့ ရုတ်တရက်တက်ရောက်လာခဲ့ပြီး ယာဉ်ပေါ်ပါလာသူများအား မျက်လုံးနှင့် ပါးစပ်များအား အဝတ်များဖြင့် ပိတ်စီး၍ ယာဉ်ကို လူသူရှင်းသည့် မိုင်တိုင်အမှတ် (၁၇၉ /၃) နှင့် (၁၇၉/၄) ကြားအထိ မောင်းနှင်သွားခဲ့သည်။ 

    ယင်းနောက် ဒေါ်မြင့်မြင့်အေးနှင့် မိသားစုထံမှ လက်ဝတ်လက်စား၊ ဖုန်း၊ ပိုက်ဆံ စုစုပေါင်း တန်ဖိုးကျပ်သိန်း ၇၀ ကျော်ကို လုယူပြီး ရောက်ရှိလာသည့်အငှားယာဉ်တစ်စီးပေါ် တက်ရောက်ကာ ပေါင်မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

    “ကျုံကကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဖြစ်ပွားခဲ့တဲ့လုယက်မှုက လုယက်ခံရသူက ရန်ကုန်ကလာတယ်လို့ သိရတယ်။ အဲ့ဒီလုယက်မှုက ကြိုတင်ကြံစည်ထားပြီး လုပ်သွားတဲ့ သဘောလို့ သိရတယ်။ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်” ဟု မုတ္တမမြို့မရဲစခန်းနှင့်  နီးစပ်သူတစ်ဦးက ပြောသည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်မြင့်မြင့်အေးမှ တရားလိုပြုလုပ်ကာ ယာဉ်မောင်း ဟိန်းမင်းဇော်အပါအဝင် ၄ ဦးအား မုတ္တမနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်းနှင့် မုတ္တမနယ်မြေရဲစခန်းမှ ၁၄/၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၉၂၊ အမှုကြီးအမှတ်စဉ် (၁/၂၀၂၃) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks