Saturday, March 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၂၀ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရိုက်ခတ်၊ သက်ရောက်မှုရှိနိုင်ဟု PPST ခေါင်းဆောင်ပြော

    ၂၀၂၀ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရိုက်ခတ်၊ သက်ရောက်မှုရှိနိုင်ဟု PPST ခေါင်းဆောင်ပြော

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၁၀)

    ၂၀၂၀ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနည်းနှင့်အများ ရိုက်ခတ် သက်ရောက်နိုင်သောကြောင့် ယင်းကာလအတောအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်သည့်အခါ အသိတရား သတိတရားဖြင့် ဆောင်ရွက်ရန်အထူးလိုအပ်ကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယနေ့သဘာပတိအဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပလျက်ရှိသည်။

    “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေချိန်မှာ တဖက်မှာလည်း ဗုံးသံတွေ သေနတ်သံတွေတိတ်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လိုမဖြစ်ဖို့ အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

    လူသားတွေဖန်တီးပြုလုပ်တဲ့အရာတွေကို လူသားတွေကိုယ်တိုင်က ဆန္ဒရှိရင် ပြုပြင်ပြောင်းလဲနိုင် ပယ်ဖျက်နိုင် အသစ်ပြုလုပ်နိုင်တယ်ဆိုတာ သဘာဝတရားပဲဟု ဆိုသည်။

    ထိုနောက် ဗိုလ်ချုပ်ကြီး ယွက်စစ်က “လွှတ်တွင်းမှာ ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် NCA လမ်းကြောင်းအရ မိမိတို့ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ဟာ လိုက်လျောညီထွေ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်၊ အစွန်းမရောက်ဘဲ မလျော့မတင်း စောင်းကြိုးညှင်းလို သတိထား ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

    ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲလည်း နီးလာသည့်အတွက် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဒုတိယနေရာတွင် ထားရှိသည်ဟုရှုမြင်ပြီး ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မည်သည့်အနေအထားဖြစ်သင့်သည်ကို  ကြိုတင်ဆွေးနွေးသဘော တူညီချက်ယူထားရန် လိုအပ်သည်ဟု ပြီးခဲ့သည့် မေလ  PPST ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ၌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြားခဲ့ဘူးသည်။

    အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက “နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုဆက်လုပ်မလဲဆိုတာမျိုး EAO တွေ အလွတ်သဘော မေးမြန်းခဲ့တာရှိတယ်၊ ကျနော်တို့က UPDJC မှာဆွေးနွေး၊ UPC (ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ) မှာဆွေးနွေး၊ ပြီးရင် UPC မှာဆုံးဖြတ်ချက်ချ၊ Post 2020 မှာမပြီးရင် လွှတ်တော်တင်၊ အတည်ပြုပြီးရင် ဘာတွေရှိသေးလည်းလို့ မေးတော့ ဒီ ၃ ခုလုံးက သူတို့စိတ်ပူတာဖြည်လို့ရတဲ့အတွက် ယုံကြည်မှုကို ပြန်ရတဲ့သဘောရှိတာပေါ့ဗျာ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    PPST လက်ရှိကျင်းပနေသည့်ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိရေး၊ တရားဝင်ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး၊ ၂၀၂၀ အတွင်းမှာ ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေး၊ ၄ နှစ်ပြည့် NCA အခမ်းအနားကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေးနှင့်ဆက်စပ်သည့် အရေးကြီးသည့်အကြောင်းအရာများကို NCA လက်မှတ်ထိုးအပစ်ရပ် NCA-S EAO ၁၀ ဖွဲ့တို့ အကြေအလည်ဆွေးနွေးကြမည် ဖြစ်သည်။ 

    Photo- PPST အစည်းအဝေး (၀၅/၂၀၁၉)-(NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks