Thursday, March 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးPPST တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ပါဝင်လာ

    PPST တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ပါဝင်လာ

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၂၆)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST တွင် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ အဖွဲ့ဝင်အဖြစ်ပါဝင်လာကြောင်း သိရသည်။

    “အရင်တုန်းကဆိုရင် PPST+2 အနေနဲ့ပဲပါဝင်ခဲ့ရာကနေ အခုဆိုရင် အဖွဲ့ဝင်အဖြစ်ထဲထဲဝင်ဝင် ပါဝင်ခွင့်ရလာတော့ တာဝန်ခွဲဝေမှုလည်းအပြည့်အဝရှိလာတာပေါ့၊ ဒီလိုပူးပေါင်းပါဝင်လာတဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့လုပ်ငန်းတွေမှာ PPST အနေနဲ့အင်အား ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သြဂုတ်လ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် (၄/၂၀၁၉) PPST+2 အဖွဲ့အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ တင်းပြည့်အဖွဲ့ဝင်များအဖြစ်ပါဝင်လာခဲ့ကြသောကြောင့် PPST ကို အဖွဲ့ဝင် (၁၀)ဖွဲ့ ဖြင့် တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

    “NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်တွေမှာ တစ်ဆို့မှုတွေကိုပြန်လည်တည့်မတ်အောင် အစီအစဉ်ချမှတ်ထားတာရှိတယ်၊ တပ်ပိုင်းဆိုင်ရာကိစ္စ၊ JMC, ကြားကာလအစီအစဉ်၊ NCA ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ပြန်ဆွေးနွေးမယ်၊ NCA မှာပါတဲ့သဘောတူညီချက်တွေကို ပြန်သုံးသပ်မယ်” ဟု နိုင်အောင်မငေးက ဆိုသည်။

    PPST အနေဖြင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကျင်းပ၍ ဆုံးဖြတ်ချက်များချမှတ်သွားမည်ဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်များကို အစိုးရနှင့် တပ်မတော်ဘက်က လက်ခံမည်ဆိုပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC သို့ တက်ရောက်ရန်အဆင်သင့် ဖြစ်နေသည်ဟု ၄င်းက ဆက်ပြောသည်။

    အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက “အခုကျနော်တို့ PPST ဆွေးနွေးပွဲကိုကြည့်လိုက်တော့ မွန်ပြည်သစ်ပါတီနဲ့ လားဟူတို့က အရင်တုန်းက NCA ထိုးခဲ့တယ် ဒါပေမယ့် PPST မှာက သပ်သပ်အဖွဲ့အစည်း အနေနဲ့ ပါဝင်ပေမယ့် အခုတော့ တဖြည်းဖြည်း အဖွဲ့စည်းအနေနဲ့ပါဝင်လာတဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ချဉ်းကပ်မှု တစ်ခုဘဲလို့ ကျနော်တို့ ကတော့ အဲလိုဘဲနားလည်တယ် ကြိုဆိုတယ်လေ” ဟု ပြောသည်။

    အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားရန် NCA-S EAO (၁၀) ဖွဲ့မှ ကိုယ်စားလှယ် များပါဝင်သည့် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိုနှိုင်းရေးအဖွဲ့” နှင့် “အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ဆိုင်ရာ ညှိုနှိုင်းရေးအဖွဲ့” ဟူ၍ အလုပ် အဖွဲ့ (၂)ဖွဲ့ကို ယခုကျင်းပသည့် PPSTအစည်းအဝေးမှ ဖွဲ့စည်းခဲ့ကြောင်း၊ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ နည်းပညာ အထောက်အကူပြုများနှင့် ရုံးအဖွဲ့ဝင်များ စုစုပေါင်း (၇၂) ဦး တက်ရောက်ခဲ့ကြောင်း ၄င်းတို့၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Photo-PPST ထုတ်ပြန်ချက်(၄/၂၀၁၉)-(Copy)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks