spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းပုပ္ပါးထိပ်သီးဆွေးနွေးပွဲတွင် ဒီမိုကရေစီစနစ်နှင့် တိုင်းရင်းသားရေးအတွက် အားလုံးလက်ခံနိုင်သောမူ ချမှတ်ရန်လိုအပ်ဟု NMSP ခေါင်းဆောင် နိုင်ဟံသာပြော

    ပုပ္ပါးထိပ်သီးဆွေးနွေးပွဲတွင် ဒီမိုကရေစီစနစ်နှင့် တိုင်းရင်းသားရေးအတွက် အားလုံးလက်ခံနိုင်သောမူ ချမှတ်ရန်လိုအပ်ဟု NMSP ခေါင်းဆောင် နိုင်ဟံသာပြော

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ-၈)။ ။ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့နေမှုများကို ကျော်ဖြတ်နိုင်ရန်အတွက် ဒီမိုကရေစီစနစ်နှင့် တိုင်းရင်းသားအရေးအတွက် အာမခံချက်ရှိသည့် အားလုံးလက်ခံနိုင်သောမူ ပုပ္ပါးထိပ်သီးဆွေးနွေးပွဲ၌ ချမှတ်ရန်လိုအပ်သည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီသို့ ယနေ့တွင် ပြောကြားသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ရေးထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင် ၁၀ ဦးတို့ လာမည့်အောက်တိုဘာ ၁၅ ရက်နေ့တွင် မြန်မာပြည်အလယ်ပိုင်း ပုပ္ပါး၌ ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ NMSP ထိပ်သီးခေါင်းဆောင်အဖြစ် နိုင်ဟံသာ တက်ရောက်မည် ဖြစ်သည်။

    နိုင်ဟံသာက “ဒီမိုကရေစီစနစ်အတွက် အာမခံချက်ရှိဖို့၊ တိုင်းရင်းသားတွေအတွက်လည်း အာမခံချက်ရှိဖို့ အဲဒီပုံစံမျိုးကို ကျနော်တို့စဉ်းစားပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့ မူတစ်ခုကို ချမှတ်နိုင်ဖို့လိုအပ်တယ်လို့ ကျနော်တို့မြင်တယ်၊ နိုင်ငံရေးအရ မူဘယ်လောက်ပဲချချ လုံခြုံရေးမှာ အကာအကွယ်မပေးနိုင်ရန် ဒီမူတွေက အချိန်မရွေးပျက်စီးသွားနိုင်တယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ (Internet)

    မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိကအရေးကြီးဆုံးဖြစ်သည့် နိုင်ငံရေးနှင့် လုံခြုံရေးအပိုင်းကို အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအများစု လက်ခံနိုင်သည့်ပုံစံဖြစ်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

    “တစ်ခုတည်းသောတပ်မတော်မူကို ယေဘူယျအားဖြင့် ကျနော်တို့လက်ခံပါတယ်၊ ဒါပေမယ့် အဲဒီတပ်မတော်ကို ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်လိုပြုပြင်မလဲ၊ လက်ရှိပုံစံအရဆိုရင် လက်နက်ကိုင်အဖွဲ့အားလုံးက တပ်မတော်လက်အောက်မှာရှိနေတယ်၊ ရဲတပ်ဖွဲ့က တပ်မတော်လက်အောက်မှာ မဖြစ်သင့်ဘူးလို့ ကျနော်တို့မြင်တယ်၊ ဒါကြောင့် တပ်မတော်က နိုင်ငံရေးမှာ ဝင်မစွက်အောင်၊ ချုပ်ကိုင်လို့မရအောင်၊ လွယ်လွယ်နဲ့ အာဏာမသိမ်းနိုင်အောင် ဆိုတဲ့ပုံစံမျိုးကို နည်းလမ်းရှာရမယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ထို့ပြင် တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာမခံချက်မရှိသေးသဖြင့် “ခွဲထွက်ခွင့် လုံးဝမရှိရ” ဆိုသည့်အချက်ကို တိုင်းရင်းသားများ လက်ခံရန်မဖြစ်နိုင်သေးကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။

    အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက “မခွဲထွက်ရ ဆိုတဲ့ကိစ္စက NCA ထဲမပါဘူး၊ နောက်ပြီးတော့ တစ်ခုတည်းသောတပ်မတော်ကို လက်ခံရမယ်ဆိုတဲ့ အခြေခံမျိုးတွေ NCA ထဲ မပါဘူး ဆိုတော့ အဲဒီကိစ္စတွေကြောင့် တစ်ဆို့နေရတဲ့အကြောင်းတစ်ကြောင်း၊ ဒီကိစ္စတွေကို ကျနော်တို့ဘယ်လို ဖြေရှင်းကျော်လွှားမလဲဆိုတဲ့အပိုင်းကို ကျနော်တို့ ဆွေးနွေးလိုတယ်” ဟု ဆိုသည်။

    အထက်ပါ တစ်ဆို့နေသည့်အကြောင်းအရာများကြောင့် NCA ဆက်လက်အကောင်အထည်ဖော်ဆောင်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ ဆက်လက်ညှိနှိုင်းရမည့် တပ်ပိုင်းဆိုင်ရာဆွေးနွေးရေးကိစ္စများ၊ NCA အဓိပ္ပါယ်ဖွင့်ဆိုမှုတွင် မတူညီသည့်အချက်များ၊ ကြားကာလဆိုင်ရာ မတူညီသည့်အချက်များ၊ နိုင်ငံရေးဆွေးနွေးပွဲအယူအဆကွဲလွဲနေမှုများက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်တစ်ဆို့စေသည်ဟု KNU အထွေထွေအတွင်းရေးမှူးက ပြောသည်။

    ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နှင့် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် အပစ်ရပ်အဖွဲ့များ၏ ညှိနှိုင်းရေးအဖွဲ့တို့ ပြီးခဲ့သည့် အောက်တိုဘာဆန်းပိုင်းတွင် ရန်ကုန်၌တွေ့ဆုံညှိနှိုင်းခဲ့အပြီး ပုပ္ပါးထိပ်သီး ဆွေးနွေးပွဲကို ၅ ရက်ကြာ ကျင်းပရန် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    ပြည်ထောင်စုလွှတ်တော်တွင် စက်တင်ဘာ ၁၉ ရက်နေ့က နိုင်ငံတော်၏အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့်ရှင်းလင်းတင်ပြချက်၌ “ခွဲမထွက်ရေး” က အရေးကြီးသလို “ခွဲမထွက်ချင်သည့်၊ ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုကြီးဖြစ်လာရန်” အားလုံးလက်တွဲ ပူးပေါင်းပြီး အကောင်အထည်ဖော်ရန်လည်း အင်မတန်အရေးကြီးကြောင်း မြန်မာနိုင်ငံတော်သမ္မတရုံး Myanmar President Office Facebook လူမှုကွန်ယက်စာမျက်နှာတွေ ရေးသားဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks