spot_img
Saturday, January 17, 2026
More
    spot_img
    Homeဆောင်းပါးနိုင်ငွေသိမ်း၏ မှတ်မှတ်ရရ ရက်စွဲများ

    နိုင်ငွေသိမ်း၏ မှတ်မှတ်ရရ ရက်စွဲများ

    -


    မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း

    ၁၉၂၃ -အဖ နိုင်သာဒွန်းအောင်၊ အမိ မိငွေသုန်တို့မှ ၁၉၂၃ ခုနှစ် မတ်လ ၁၉ ရက်(ကောဇာ ၁၂၈၄ ခုနှစ် နှောင်းတန်းခူးလဆန်း ၃ ရက် တနင်္လာနေ့) တွင် ကရင်ပြည်နယ် ထုံးအိုင်ကျေးရွာ၌ မွေးဖွားခဲ့သည်။

    ၁၉၃၈- အသက်(၁၅) နှစ် ဖျာပုံအထက်တန်းကျောင်းသားဘဝမှာပင် ကျောင်းသားသပိတ်ခေါင်းဆောင်အဖြစ် စတင်လှုပ်ရှားခဲ့သည်။

    ၁၉၄၂- ဂျပ်စင်ကောလိပ်တွင် တက္ကသိုလ်ကျောင်းသားဘဝ တလျှောက်လုံး နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို တစိုက်မတ် လုပ်ခဲ့သည်။ အသက်(၂၀) တွင် BIA တပ်သို့ဝင်ပြီး ကျိုက်လတ်မြို့နယ်လုံခြုံရေးတာဝန် ယူခဲ့သည်။

    ၁၉၄၃- အာရှလူငယ်အဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဂျပန်တော်လှန်ရေးခေတ်တွင် ရန်ကုန်ခရိုင်အတွင်းရှိ ပြောက်ကျားအဖွဲ့၌ ပါဝင်လှုပ်ရှားခဲ့သည်။

    ၁၉၄၅-ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်တွင် အမှုဆောင်တာဝန် ယူခဲ့သည်။ ပဲခူးမြို့ စံပြကျေးရွာကို စတင်တည်ထောင်ဖော်ဆောင်ရာတွင် အတွင်းရေးမှူး တာဝန်ယူခဲ့သည်။

    ၁၉၄၆- ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြည်သူ့ရဲဘော်တပ်ဖွဲ့တွင် ပါဝင်ခဲ့သည်။

    ၁၉၄၇- ဖားအောက်ရွာ မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မရလ) ညီလာခံမှ အတွင်းရေးမှူးတာဝန်ယူခဲ့သည်။ မရလ ကိုယ်စားလှယ်အဖြစ် KNU ညီလာခံသို့ တက်ရောက်ခဲ့သည်။

    ၁၉၄၈- ဇူလိုင်လ(၂၈) ရက်နေ့တွင် ဇာသပြင်ရဲစခန်း လက်နက်သိမ်းသည့်ကိစ္စနှင့်ပတ်သက်ပြီး မော်လမြိုင်တွင် တောင်ကျသည်။ မော်လမြိုင် အာဏာပိုင်များကို KNU ဖမ်းဆီးပြီးသည့် ဇူလိုင်လ(၃၁) ည (၁၁) နာရီအချိန်တွင် ပြန်လွတ်လာသည်။ KNU နှင့်အတူ မော်လမြိုင်ခရိုင်ကို သိမ်းသည်။ မွန်နှင့်ကရင် ပူးတွဲအုပ်ချုပ်မှု(၄) ရက်ကြာပြီးနောက် အစိုးရကိုယ်စားလှယ် စောဘဦးကြီး ရောက်ရှိလာပြီး အချက်(၄) ချက်ပါ သဘောတူညီမှု ရရှိကြသည်။ ထိုနောက် မော်လမြိုင်မှ ဆုတ်ခွာလိုက်ရသည်။

    ၁၉၄၉- သံဖြူဇရပ်တွင် အခြေချစဉ် မွန်လက်နက်ကိုင်တိုက်ပွဲကိုစွန့်လွှတ်ရန် ဖဆပလတို့ လာရောက်ဆွေးနွေးသည်။ မွန်ပြည်နယ်သတ်မှတ်ပေးရေး တင်ပြချက်လက်မခံ၍ ပျက်သည်။ လက်နက်ကိုင်တိုက်ပွဲအတွက် ထိုင်းနိုင်ငံသို့သွားရောက်၍ မွန်များအား သွားရောက်စည်းရုံးသည်။

    ၁၉၅၀- ဖာပွန်တွင် ကျင်းပသော KNU ညီလာခံကို စောဘဦးကြီးနှင့်အတူ သွားရောက်သည်။

    ၁၉၅၂- ဖေဖော်ဝါရီ(၁၉) ရက်နေ့တွင် မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းရာတွင် ဥက္ကဌတာဝန်ယူခဲ့သည်။

    ၁၉၅၄- မွန်ပြည်သူ့တပ်ဦး ဖွဲ့စည်းရာတွင် ဗဟိုအလုပ်အမှုဆောင် CEC တာဝန်ယူသည်။

    ၁၉၅၈- ဇူလိုင်လ(၁၉) ရက်နေ့တွင် ဖဆပလအစိုးရနှင့် မွန်ပြည်သူ့တပ်ဦးတို့ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေး သဘောတူညီမှုရရှိသည်။ ဥပဒေဘောင်အတွင်းဝင်ရောက်လာသဖြင့် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင် ဒေသအသီးသီးသို့ မွန်အမျိုးသားလမ်းစဉ်၊ မွန်ပြည်နယ်ရရှိရေး လုပ်ငန်းစဉ် ရှင်းလင်းကြသည်။

    ၁၉၆၀-ရွေးကောက်ပွဲတွင် ဘားအံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။

    ၁၉၆၁- မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ကော်မတီ(ဗဟို) တာဝန်ယူသည်။ တိုင်းရင်းသားပေါင်းစုံပါဝင်သော တောင်ကြီးညီလာခံ တက်ရောက်သည်။ ပြည်နယ်များညီညွတ်ရေးအဖွဲ့ CEC တာဝန်ယူသည်။

    ၁၉၆၂-ဖေဖော်ဝါရီ(၂၄) ရက် ရန်ကုန်မြို့ မြန်မာ့အသံ အသံလွှင့်ရုံတွင်ကျင်းပသည့် လူမျိုးပေါင်းစုံလိုလားသော ပြည်ထောင်စုနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ရာ မတ်လ(၂) ရက် ဗိုလ်နေဝင်း အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည်။

    ၁၉၆၃- ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီဖွဲ့စည်းရာတွင် တနင်္သာရီတိုင်း တာဝန်ယူခဲ့သည်။ မိနှင်းစိန်နှင့် အိမ်ထောင်ပြုသည်။ သားတစ်ယောက် ထွန်းကားသည်။ နိုဝင်ဘာလ(၁၅) ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြန်သည်။

    ၁၉၆၅- ဇန်နဝါရီ(၃) ရက်နေ့တွင် ထောင်မှလွတ်လာသည်။ ရန်ကုန်မြို့နယ်နိမိတ်အပြင်သို့(၂) နှစ် မထွက်ရန် တားမြစ်ခြင်းခံရသည်။

    ၁၉၈၁ မှ ၈၈ အတွင်း မွန်စာပေနှင့်ယဉ်ကျေးမှု၊ အမျိုးသားရေးရာကိစ္စများတွင် လှုပ်ရှားသည်။

    ၁၉၈၈- ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် တိုင်းရင်းသားအဖွဲ့များနှင့်အတူ ဦးဆောင်လှုပ်ရှားခဲ့သည်။

    ၁၉၈၉- မွန်အမျိုးသားဒီမိုကရေစီပါတီတည်ထောင်ပြီး ပါတီဒုဥက္ကဌတာဝန်ယူခဲ့သည်။ နိုင်ငံရေးသင်တန်းများ ပို့ချသည်။ UNLD အမြဲတမ်း သဘာပတိအဖွဲ့ဝင် ဖြစ်လာသည်။

    ၁၉၉၀- ရွေးကောက်ပွဲတွင် ဘားအံမြို့နယ်မဲဆန္ဒနယ်မှ ထပ်မံအရွေးခံရာ ရှုံးနိမ့်ပြန်သည်။ UNLD နှင့် NLD ပူးပေါင်းကာ နဝတစစ်အစိုးရအား လွှတ်တော်ခေါ်ယူရေး ဂန္ဒီစာတမ်း ကြေညာချက်ထုတ်ပြန်သည်။

    သြဂုတ်(၁၉) ရက်နေ့ UNLD,NLD တို့၏ ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် အမှတ်(၁) ထုတ်ပြန်သည်။

    ၁၉၉၁- နိုင်ငံရေးသင်တန်းပို့ချမှု၊ နိုင်ငံရေးသင်တန်းစာအုပ်ထုတ်ဝေမှုဖြင့် နိုဝင်ဘာလတွင် ထောင်ဒဏ်(၂၁) နှစ် ချမှတ်ခြင်း ခံရသည်။

    ၁၉၉၄- နဝတစစ်အစိုးနှင့် အပစ်ရပ်စဲဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ၏တောင်းဆိုမှုဖြင့် သြဂုတ်(၂၃) ရက်နေ့၌ ထောင်မှ လွတ်မြောက်လာသည်။

    ၁၉၉၆-နိုင်ငံရေးသမားဟောင်း(၂၃) အဖွဲ့တွင် ပါဝင်ခဲ့ပြီး နဝတခေါင်းဆောင်များသို့ ပန်ကြားလွှာပေးပို့ခဲ့သည်။

    ၁၉၉၇- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။

    ၁၉၉၈-သြဂုတ်လ(၂၇) ရက်နေ့တွင် မွန်ပြည်သစ်ပါတီသို့ ပေးပို့သော “နဝတ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည်” အကြံပြုစာတမ်းရေးသားမှုကြောင့် ထောင်(၇) နှစ် ချမှတ်ခံရသည်။

    ၂၀၀၅- ဇွန်လ(၄) ရက်တွင် မော်လမြိုင်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ (၂၃) ဦး ဝါရင့်နိုင်ငံရေးသမားဟောင်းအဖွဲ့တွင် ဆက်လက်လှုပ်ရှားသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့တွင် ဆက်လက်ဆောင်ရွက်သည်။

    ၂၀၀၈- UNA အနေဖြင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ အကြံပြုစာရေးသားပေးပို့ခဲ့သည်။

    ၂၀၁၀- အောက်တိုဘာ(၂၄) ရက်နေ့ ဇိုမီးအမျိုးသားကွန်ကရက်ပါတီမွေးနေ့ကိုအကြောင်းပြု၍ (၂၁) ပင်လုံကို ဦးတည်သော ကလေးမြို့ကြေညာစာတမ်းကို ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။

    ၂၀၁၂- မွန်အမျိုးသားဒီမိုကရေစီပါတီ MDP ဖွဲ့စည်းရာတွင် ဥက္ကဌဖြစ်လာသည်။

    ၂၀၁၅- မွန်အမျိုးသားဒီမိုကရေစီပါတီကို မွန်အမျိုးသားပါတီ MNP အမည်ပြောင်းလဲပြီးနောက် ဇန်နဝါရီလတွင် ပထမအကြိမ်ပါတီညီလာခံကျင်းပရာ ဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည်။ ထိုနောက် ကျန်းမာရေးအရ ပါတီတာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသဖြင့် ဥက္ကဌအဖြစ်မှ ရပ်နားခွင့်ပြုရန်တောင်းဆိုခဲ့ပြီး ပါတီ၏ဂုဏ်ထူးဆောင်နာယက ဖြစ်လာသည်။

    ၂၀၁၈-မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း အသက်(၉၆) နှစ်သည် ယနေ့(အောက်တိုဘာ ၂ ရက်) ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်မြို့၊ ရန်ကင်းနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

    ကိုးကားချက်
    -ဇာတိမြေမှ ယနေ့တိုင်(တော်လှန်ရေးနှင့် နိုင်ငံရေးခရီး) ၂၀၁၅ ခုနှစ် -နိုင်ငွေသိမ်း

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts