Thursday, March 12, 2026
More
    spot_img
    Homeသတင်းနေရာ ၅ ခုတွင် အကြိုလူထုတွေ့ဆုံပွဲများပြုလုပ်ရန် မွန်ပြည်သစ်လျာထား

    နေရာ ၅ ခုတွင် အကြိုလူထုတွေ့ဆုံပွဲများပြုလုပ်ရန် မွန်ပြည်သစ်လျာထား

    -

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ အကြိုလူထုတွေ့ဆုံပွဲများကို နေရာ ၅ ခုတွင် ပြုလုပ်ရန် လျာထားကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်ငံတော်အကြီးအကဲများနှင့် NMSP-LDU ထိပ်ပိုင်းခေါင်းဆောင်များနှုတ်ဆက်နေစဉ်(MNA)

    လက်ရှိမွန်ပြည်သစ်ထိန်းချုပ်နယ်မြေများဖြစ်သည့် သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ ဗဟိုဌာနချုပ်ဝန်းကျင် ၄ နေရာနှင့် ရန်ကုန်-ပဲခူးတိုင်းဒေသကြီးတွင်တစ်နေရာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
    မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်က “အဓိက ကတော့ လူထုဆန္ဒသဘောထားတွေ စုစုစည်းစည်းနဲ့ ကောက်ယူလို့ရနိုင်အောင် အဲဒီနေရာ ၅ ခုမှာ လူထုတွေ့ဆုံပွဲ လုပ်ဖို့ပါ” ဟု ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပြီးသည့် မွန်ပြည်သစ်ပါတီအနေဖြင့် လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) မတိုင်မီ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလိုခြင်းဖြစ်သည်။

    “သူတို့ (မွန်ပြည်သစ်ပါတီ) အနေနဲ့က နိုင်ငံရေးဆွေးနွေးပွဲ National political dialogue မှာ ပါဝင်ရမယ်ဆိုတော့ ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့လူမျိုးကြားမှာ ဘယ်လိုသဘောတူညီချက်တွေ ရယူပြီး အဲဒီရလဒ်တွေကို ဘယ်လိုဆောင်ကျဉ်းသွားမလဲဆိုတာ ဒါက သေချာတယ် သူတို့ရယူရမယ်။ ဒါပေမယ့် ဘယ်လိုရယူမလဲဆိုတာ သူတို့အပေါ်မှာပဲ မူတည်နေတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီသည် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့စဉ် တပ်တည်ဧရိယာ ၁၈ နေရာကို အစိုးရခွင့်ပြုပေးထားခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ NCA လက်မှတ် ဆက်လက်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks