Thursday, March 12, 2026
More
    spot_img
    Homeသတင်းထိုင်းဝက်များတရားမဝင်တင်သွင်းလာသဖြင့် မွန်ပြည်နယ်ဝက်မွေးမြူရေးသမားများအရှုံးပေါ်

    ထိုင်းဝက်များတရားမဝင်တင်သွင်းလာသဖြင့် မွန်ပြည်နယ်ဝက်မွေးမြူရေးသမားများအရှုံးပေါ်

    -

    ထိုင်း-မြန်မာနယ်စပ် မြဝတီမှတဆင့် မွန်ပြည်နယ်အတွင်းသို့ ဝက်များတရားမဝင် တင်သွင်းနေသဖြင့် ဒေသတွင်းဝက်မွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်နေကြောင်းမွန်ပြည်နယ်ရှိ ဝက်မွေးမြူသူတို့ထံမှ သိရသည်။

    ထိုင်း-မြန်မာနယ်စပ် မြဝတီမှတဆင့် မွန်ပြည်နယ်အတွင်းသို့ ရောင်းတန်းဝင်ဝက်များအပြင် ဝက်သားပေါက်များနှင့် အေးခဲဝက်သားများ တရားမဝင် တင်သွင်းနေသည်ဟု မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

    မြဝတီနယ်စပ်မှ ထိုင်းဝက်များတင်ဆောင်လာစဉ်(MNA)
    “ထိုင်းကဝင်လာတဲ့ဝက်နဲ့ ဦးတို့ဆီကဝက်က တော်တော်လေးကွာတယ်၊ ထိုင်းဝက်တွေက အကောင်လဲကြီးတယ်၊ အရည်အသွေးလဲရှိတယ်၊ ဈေးလဲလျှော့ပြီးရောင်းတော့ ဦးတို့ ဝက်ဈေးကွက်ကျလာတဲ့အပြင်ကို ရောင်းတာဝယ်တာ အများကြီးကျလာတယ်၊ ဒါကို မဖြေရှင်းနိုင်ရန် ဝက်မွေးတဲ့လူတွေ အများကြီး အခက်အခဲကြုံတွေ့တယ်” ဟု ပေါင်မြို့နယ် နတ်ကြီးချောင်းကျေးရွာမှ ဝက်မွေးမြူသူ ဦးဖေသိန်းက ပြောသည်။

    ထိုင်းဝက်များကြောင့် ဒေသတွင်းမွေးမြူသည့်ဝက် တစ်ပိဿာ ၄၆၀ဝ ကျပ်ရှိရာမှ ယခု တစ်ပိဿာ ၃၈၀ဝ ကျပ်သာရှိကြောင်း ဝက်သားပေါက် တစ်ကောင်ကျပ် ၁ သိန်းထိဈေးမှ ယခုအခါ ၅ သောင်းခွဲဈေးပေါက်သော်လည်း ဝယ်သူမရှိဖြစ်နေသည်ဟု ဝက်မွေးမြူသူတို့က ပြောသည်။

    ထိုင်းဝက်များကြောင့် လတ်တလော ပြည်နယ်အတွင်းရှိ ဝက်မွေးမြူရေးခြံ ၅၀ ကျော်မှ ဝက်အကောင်ရေ ၁၅၀ဝ ကျော်တို့သည် ရောင်းရက်ရောက်သော်လည်း အဝယ်ဒိုင်များ လာရောက်ဝယ်ယူခြင်းမရှိသည့်အတွက် ကျပ်သိန်း ၂၅၀ ခန့် နစ်နာဆုံးရှုံးမှုရှိနေသည်ဟု မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

    “ဒီအတိုင်းဆက်သွားရင် ဒေသတွင်းက ဝက်မွေးမြူရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းသွားရလိမ့်မယ် ဈေးကွက်မရှိတော့ဘူး အသားပေါက်ထုတ်လုပ်ရောင်းချတဲ့ဈေးကွက်လဲမရှိသလို အသားဈေးကွက်ကလည်း ဆက်ပြီးတော့ မွေးမြူနိုင်မယ့်အနေအထားမရှိတော့ဘူး များများမွေး များများရှုံးမယ့်အဆင့်ကိုရောက်နေပြီ” ဟု မော်လမြိုင်မှ ဝက်မွေးမြူသူတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဇွန်လခန့်က ထိုင်းမှဝက်များ တရားမဝင်စတင်သွင်းလာကြောင်း အောက်တိုဘာလလောက်မှစပြီး အကြီးအကျယ်တင်သွင်းလာကြောင်း တစ်ညလျှင် ၆ ဘီးကားဖြင့် ဝက်အကောင်ရေ ၄၀ဝ၀ ဝန်းကျင် မြန်မာပြည်သို့ တင်သွင်းနေသည်ဟု မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ပြောသည်။

    ထိုင်းနိုင်ငံမှ တရားမဝင် ဝက်တင်သွင်းနေခြင်းကြောင့် ဒေသတွင်း ဝက်မွေးမြူရေးလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး လုပ်ကိုင်နေကြသည့် မွေးမြူရေးသမားများ၏ အကျိုးစီးပွား ထိခိုက်နေသည့်အခြေအနေကို ကာကွယ်မှုပေးရန်နှင့် ဖြေရှင်းပေးရန် ဒီဇင်ဘာ ၁၃ ရက်နေ့က မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားသည်။

    ထိုင်းမှ တရားမဝင် တင်သွင်းလျက်ရှိသည့် ဝက်များသည် မွန်ပြည်နယ်အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ဘက်သို့လည်း ပို့ဆောင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks