spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းလူအခွင့်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အနင်းကျေးရွာတွင် ကျင်းပမည်

    လူအခွင့်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အနင်းကျေးရွာတွင် ကျင်းပမည်

    -

    ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၇၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ၌ ပြုလုပ်သွားမည်ဟု သိရသည်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို မွန်ပြည်နယ်လူ့အခွင့်အရေးဖောင်ဒေးရှင် HURFOM နှင့် မွန်လူမှုအဖွဲ့အစည်းများအပြင် သံဖြူဇရပ်မြို့နယ်ရှိ လူငယ်များလည်း ပူးပေါင်းကျင်းပမည်ဟု သိရသည်။

    အကြိမ် ၇၀ မြောက် လူ့အခွင့်ရေးနေ့ကျင်းပရေး ပိုစတာ(Copy)
    “ဒီဇင်ဘာ (၁၀) ရက်နေ့မှာဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၊ လူ့အခွင့်အရေးနေ့ဟာ လူတိုင်းနဲ့သက်ဆိုင်တယ် လူတိုင်းသိထားသင့်တယ်၊ ဒါကျွန်တော်တို့ ပေးချင်တဲ့ Message” ဟု ကျင်းပရေးကော်မတီဝင် နိုင်စဝေါမွန်က ပြောသည်။

    အဆိုပါအခမ်းအနားတွင် လူအခွင့်အရေးဆိုင်ရာ အွန်လိုင်းဓါတ်ပုံပြိုင်ပွဲကျင်းပခြင်း၊ ပြဇာတ်တင်ဆက်ခြင်း၊ ဉာဏ်စမ်းပဟေဠိအမေးအဖြေများ ပြုလုပ်ခြင်းအပါအဝင် လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေးနှင့် မွန်ပညာရေး၊ လူ့အခွင့်အရေးနှင့် ကလေးသူငယ်များ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့်ခေါင်းစဉ်များဖြင့်လည်း သက်ဆိုင်ရာပညာရှင်များမှ အသိပညာပေး ဆွေးနွေးစကားဝိုင်းများ ပြုလုပ်သွားမည့်အစီအစဉ်များ ပါဝင်သည်။

    ထို့အပြင် ဒီဇင်ဘာ (၉) ရက်နေ့မှ (၁၀) ရက်နေ့များတွင် သံစုံတီးဝိုင်းမော်တော်ယာဉ်ဖြင့် သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာအချို့တွင် လှည့်လည်ဖျော်ဖြေခြင်းနှင့် အသိပညာပေးစာရွက်စာတမ်းများ မျှဝေပေးခြင်းအစီအစဉ်များ ပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားကို ဒီဇင်ဘာ (၁၀) ရက်နေ့၊ ညနေ (၅) နာရီမှ (၁၁) နာရီအထိ အနင်းကျေးရွာတွင် ကျင်းပရန် စီစဉ်ထားသည်။

    “လူ့အခွင့်အရေးနေ့ကို ဒီမှာလာလုပ်တဲ့အတွက် အနင်းဒေသခံတွေ ပြီးတော့ ဒီအနီးအနားမှာရှိတဲ့ မွန်တွေ အခမ်းအနားကို လာရောက်တက်လို့ရှိရင် ကိုယ်မသိတာ နားမလည်တာတွေ သိလာမည်။ အများစုကတော့ ကိုယ့်အခွင့်အရေး ဘယ်လိုရှိလဲဆိုတာ နားမလည်ကြဘူး” ဟု ကျင်းပရေးကော်မတီ အဖွဲ့အဝင် အနင်းဒေသခံ နိုင်သူရိယက ပြောသည်။

    ထို့အတူ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးစသည့် မြို့နယ်များရှိ ဒေသခံများကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားများကို မွန်ပြည်နယ်၌ ၂၀၁၃ ခုနှစ် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၊ ၂၀၁၄ ခုနှစ် ကော့ကရိတ်မြို့နယ် ကော့ပလိုင်ကျေးရွာ ၊ ၂၀၁၅ ခုနှစ် ရေးမြို့ တပုလ္လင်နှစ်ဆူဘုရား၊ ၂၀၁၆ ခုနှစ် ပျားတောင်ဒေသ ကျိုက်မရောမြို့နယ် ကော့ဒွန်း-ကော့ ပနော့ရွာတွင် အခမ်းအနားများကျင်းပခဲ့သည်ဟု သိရသည်။

    ၁၉၄၈ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts