Thursday, March 12, 2026
More
    spot_img
    Homeသတင်းရာဘာစက်ရုံများ ပြည်သူနှင့်ကင်းလွတ်ရာ ပြောင်းရွှေ့ပေးရေးအဆို မွန်လွှတ်တော်အတည်ပြု

    ရာဘာစက်ရုံများ ပြည်သူနှင့်ကင်းလွတ်ရာ ပြောင်းရွှေ့ပေးရေးအဆို မွန်လွှတ်တော်အတည်ပြု

    -

    မွန်ပြည်နယ်အတွင်းရှိ ရာဘာစက်ရုံများကို ခရီးသွားပြည်သူများ ကင်းလွတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ပေးရေး အလေးအနက်တိုက်တွန်းကြောင်းအဆိုအား မွန်ပြည်နယ်လွှတ်တော်မှ စက်တင်ဘာလ ၈ ရက်နေ့တွင် အတည်ပြုခဲ့သည်။

    စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ၄င်းအဆိုကို တင်သွင်းခဲ့ပြီး နောက်တစ်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးတို့ ဆွေးနွေးကာ ကန့်ကွက်သူမရှိ လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

    ရာဘာစက်ရုံရေဆိုးများ(MNA)
    “ရာဘာစက်ရုံနဲ့ ပတ်သက်ပြီးတော့ အဲဒီဒေသမှာ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့လူတွေနဲ့ ကျနော်တွေ့ဆုံ မေးမြန်းတဲ့အခါမှာ အဓိက လူတွေက ရေရှည်ချောင်းဆိုးတဲ့ဝေဒနာ တင်ပြကြတယ်၊ ချောင်းဆိုးခြင်းဆိုတဲ့နေရာမှာ နံ့စော်ညစ်ပတ်နေတဲ့ချောင်းမြောင်းရေတွေကို သုံးနေရတာ၊ ဆိုးဝါးစူးရှတဲ့အနံ့ကို ရှုရှိုက်နေရတာ ပန်းနာရင်ကြပ်အဖြစ်များတာ စတာတွေ တင်ပြကြတယ်၊ ဒေသကလူတွေက စက်ရုံကို ပြောင်းရွှေ့ပေးဖို့လိုလားကြတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ၄င်းအဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။

    အထူးသဖြင့် မုဒုံမြို့အဝင်ရှိ ဖူးရှင်း၊ ဖူလီလိုက်၊ ရွှေမြန်မာ၊ ဟိုက်ဝင်းရာဘာ စက်ရုံ ၄ ရုံတို့ကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲပြီး တင်ပြလာသော်လည်း စွန့်ပစ်ရေကန်တည်ဆောက်ခြင်း၊ စွန့်ပစ်သည့်စနစ်၊ ကုန်ကြမ်းထားသိုလှောင်ခြင်းလုပ်ငန်းများတွင် ပြီးပြည့်စုံမှုမရှိသဖြင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနသို့ ဆက်သွယ်ပြီး လိုအပ်သည်များ ပြန်လည်ရေးဆွဲရန် ညွှန်ကြားထားကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်ရှင်းလင်းခဲ့သည်။

    လက်ရှိတွင် ယင်းရာဘာစက်ရုံများကို ယာယီရပ်ဆိုင်းထားပြီး ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များဆောင်ရွက်ထားကြောင်း၊ လိုက်နာမှုမရှိပါက စက်ရုံကို ပတ်သိမ်းသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။

    ၄င်းက “ရာဘာစက်ရုံများ ယာယီရပ်ဆိုင်းထားပြီး ပတ်ဝန်းကျင်ဆိုင်ရာ အလေးထားလိုက်နာရမယ့် စည်းကမ်းချက်တွေ ဆောင်ရွက် စစ်ဆေးမှုခံယူပြီးမှသာ စက်ရုံကို လည်ပတ်စေမှာဖြစ်တယ် လိုက်နာမှုမရှိတဲ့ စက်ရုံများကို ပိတ်သိမ်းသွားမယ်” ဟု ပြောသည်။

    မွန်ပြည်နယ်အတွင်း ရာဘာစက်ရုံ ၁၉ ရုံရှိပြီး စက်ရုံအားလုံးကို စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း နောက်ထပ်ရာဘာစက်ရုံများတည်ဆောက်ရန်လည်း စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    ဝန်ကြီးချုပ်က “ဒီရာဘာရုံတွေကို အစိုးရ သဘာဝပတ်ဝန်းကျင်အစီအစဉ် EMP မရှိရင် ပိတ်သိမ်းရန်အသင့်ပါ၊ နောက်ထပ်တည်ဆောက်မယ့်စက်ရုံတွေလည်း သဘောဝပတ်ဝန်းကျင်အစီအစဉ် လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ဆိုသည်။

    လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက မုဒုံဦးအနီးတဝိုက်တွင်တည်ဆောက်ခဲ့သည့် အဆိုပါ ဖူရှင်၊ ဖူလီလိုက်၊ ရွှေမြန်မာ၊ ဟိုက်ဝင်းကုမ္ပဏီများမှ ထွက်ရှိသောရာဘာရေဆိုးများကို အနီးတဝိုက်ချောင်းများအတွင်းသို့ တိုက်ရိုက်လွှတ်ချနေသဖြင့် အနံ့ဆိုးများကိုဒေသခံများနေ့စဉ်ရှူရှိက်နေရသည့်အပြင် သောက်သုံးရေအတွက်အခက်ကြုံနေရကြောင်း ဒေသခံတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks