spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းအစိုးရအား တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးကြေညာရန်ပါဝင်သည့်အချက် ၅ ချက် AMDP ကိုယ်စားလှယ်အကြံပြု

    အစိုးရအား တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးကြေညာရန်ပါဝင်သည့်အချက် ၅ ချက် AMDP ကိုယ်စားလှယ်အကြံပြု

    -

    လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အကြီးမားဆုံး Stakeholder ဖြစ်သည့် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကြေညာပေးရန်အပါအဝင် အချက် ၅ ချက်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါ AMDP ကိုယ်စားလှယ် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဒေါက်တာဗညားအောင်မိုးက အစိုးရအား အကြံပြုတင်ပြခဲ့သည်ဟု သိရသည်။

    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC(ရန်ကုန်) ၌ ဇူလိုင်လ ၂၉ ရက်နေ့က ၃ နာရီအချိန်ကြာခန့်ကျင်းပခဲ့သော ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့်အလွတ်သဘောအစည်းအဝေး( Stakeholder Meeting) အပြီးတွင် ယင်းကဲ့သို့အကြံပြုခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

    Stakeholder Meeting အလွတ်သဘောအစည်းဝေး(နိုင်ငံတော်အတိုင်ပင်ခံရုံး)
    ဒေါက်တာဗညားအောင်မိုးက“ အစိုးရဆိုတဲ့နေရာမှာ တပ်မတော်လည်းအပါအဝင်ဖြစ်တယ်၊ အစိုးရကနေပြီးတော့ စေတနာမှန်မှန် သတ္တိရှိရှိနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာပေးပါ၊ ဒုတိယအချက်က NCA နဲ့လက်မှတ်မထိုးရသေးတဲ့ UNFC နဲ့ပြေလည်အောင် အမြန်ဆုံးညှိနှိုင်းပါ” ဟု ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖြစ်ရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဆိုပြုချက် ၉ ချက်အား ပြေလည်အောင် အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

    NCA လက်မှတ်ရေးထိုးရန် UNFC အဆိုပြုချက် ၉ ချက်မှာ အစိုးရနှင့်တပ်မတော်က တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာရန်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ ‘အစိုးရ လွှတ်တော် တပ်မတော်ကိုယ်စားလှယ်များ’၊ ‘တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ’၊ ‘နိုင်ငံရေးပါတီများကိုယ်စားလှယ်များ’ ပါဝင်သော “သုံးပွင့်ဆိုင်” ဆွေးနွေးရေး နှင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီလုပ်ငန်းများတွင် နိုင်ငံတကာ ကိုယ်စားလှယ်များပါဝင်ရန် စသည့်အချက်များပါဝင်သည်ကို တွေ့ရသည်။

    “နောက်တစ်ချက်က ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းအတိုင်းမသွားတော့ဘဲ လမ်းကြောင်းအသစ်သွားမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုလည်း ပစ်မထားပါနဲ့၊ တိုင်းပြည်အတွက်အန္တရယ်လည်း ဖြစ်စေနိုင်တယ်၊ သူတို့ကိုလည်း NCA လမ်းကြောင်းပေါ်ရောက်လာအောင် သတ္တိရှိရှိဆွဲဆောင်ပါ၊ ဆွဲဆောင်လို့မရခဲ့ရင် တိုင်းပြည်အတွက်အကျိုးရှိမယ့် သဘောတူညီမှုတွေရအောင် ဆောင်ရွက်ပါ” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မိမိတို့(အစိုးရ)ကြိုက်သလိုမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်ပြီး တိုင်းရင်းသားအားလုံးဆန္ဒပါဝင်စေရန်၊ အဆိုပါပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ၃ ပွင့်ဆိုင်(အစိုးရ၊ EAOs, နိုင်ငံရေးပါတီများ) ကို အဓိကမဏ္ဍိုင်ထားမှ ပို၍လက်တွေ့ကျမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲပြီးသည့်နောက်ပိုင်းတွင်လည်း အပစ်အခတ်ရပ်စဲမှုခိုင်မြဲစေရန် စောင့်ကြည့်ရေးအဖွဲ့ Mornitoring ကိုလည်း ခိုင်ခိုင်မာမာဖွဲ့စည်း၍ အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့်ထောက်ပံ့မှုများအပြည့်ပေးမှသာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတည်မြဲမည်ဟု ယူဆကြောင်း သူကဆက်ပြောသည်။

    မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် အထောက်အကူဖြစ်စေမည့် အကြောင်းရာများပိုမိုသိရှိနိုင်ရန် အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး၊ ရွေးချယ်ဖိတ်ကြားထားသည့် နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်ကြသည့် ဦးကျော်ဝင်း၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးဇော်အေးမောင်၊ ဒေါက်တာစိုင်မွန်သာ၊ ဒေါက်တာတင်မောင်သန်း၊ ဦးမင်းဇင်၊ ဦးတာ၊ ဆလိုင်းငွန်ကျုံးလျှံ၊ ဦးခက်ထိန်နန်၊ ဦးမောင်မောင်စိုး၊ ဦးသန်းစိုးနိုင်၊ ဒေါက်တာမင်းနွယ်စိုး၊ ဒေါက်တာဗညားအောင်မိုး၊ ဦးစိုင်းစမ်ခမ်း၊ ဦးအောင်လှထွန်း၊ ဦးသီဟစောနှင့် ၁၉၄၇ ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများ၏ ဆွေမျိုးသားချင်းများ တက်ရောက်ဆွေးနွေးခဲဲ့ကြသည်ဟု သိရသည်။

    အစည်းဝေးတက်ရောက်ခဲ့သူ တိုင်းရင်းသားလက်နက်ကိုင်အရေး သုတေသီ ဦးမောင်မောင်စိုးက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒီနှစ်ထဲမှာ အကျပ်အတည်းဖြစ်တာပေါ့၊ ဘယ်လိုကျော်လွှားကြမလဲဆိုတာ နည်းနာရှာကြဖို့ပါပဲ၊ အကြံပြုချက်တွေကို အစိုးရကပဲ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ပြောသည်။

    အခမ်းအနားတက်ရောက်လာသူများက ငြိမ်းချမ်းရေးနှင့်ပတ်သက်
    သည့် မိမိတို့၏အမြင်များကို ကဏ္ဍအသီးသီးမှ ပြောဆိုခဲ့ကြောင်း၊ အဓိကတက်ရောက်သူများ၏အသံကို အစိုးရတာဝန်ရှိသူများ နားထောင်သည့်ပွဲ ဖြစ်ကြောင်း၊ အလားတူ အများအသံနားထောင်သည့်ပွဲများကို အခါအားလျော်စွာ အစိုးရဘက်ကျင်းပသွားမည်ဟုဆိုကြောင်း ဦးမောင်းမောင်းစိုးက ရှင်းပြသည်။

    သမ္မတဦးထင်ကျော်၏နှစ်သစ်ကူးမိန့်ခွန်းတွင် ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟုကြေညာထားသော်လည်း NLD အစိုးရတက်လာပြီး လက်ရှိတစ်နှစ်ခွဲနီးပါးကာလကြာအထိ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ NCA လက်မှတ်ဆက်လက်ရေးထိုးခြင်းမရှိသဖြင့် အပစ်ရပ်လက်မှတ်ဈေးဦးမပေါက်သေးကြောင်း ဝေဖန်ထောက်ပြမှုများရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts