spot_img
Thursday, May 2, 2024
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး“ဗိုလ်ချုပ်အောင်ဆန်းတံတား” အဆိုအား ပြည်သူ့လွှတ်တော်မှ ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများ တောင်းဆို

    “ဗိုလ်ချုပ်အောင်ဆန်းတံတား” အဆိုအား ပြည်သူ့လွှတ်တော်မှ ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများ တောင်းဆို

    -

    မွန်ပြည်နယ်၊ မော်လမြိုင်- ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား “ ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟုအမည်ပေးရန် ပြည်သူ့လွှတ်တော်မှ အဆိုတင်သွင်းထားမှုကို ဒေသခံဌာနေတိုင်းရင်းသား များ၏ သဘောထား ရယူခြင်းမရှိဘဲ ၄င်းအဆိုအား ပြန်လည်ရုပ်သိမ်းပေးပါရန် မတ်လ (၂) ရက်နေ့က ချောင်းဆုံးမြို့နယ် ဒေသခံ (၃၀ဝ၀) ကျော်တို့က တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ကျင်းပသော ဒုတိယကြိမ် ပြည်သူ့လွှတ်တော်အည်းအဝေး၌ ပေါင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် မိကွန်ချမ်း မှ “ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နှင့် ချောင်းဆုံမြို့ နယ်တို့ကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ‘ဗိုလ်ချုပ်အောင်ဆန်း’ ၏အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးရန် တိုက်တွန်ကြောင်းအဆို” ကိုတင်သွင်းခဲ့ခြင်း၊ ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဒေသခံ ဌာနေတိုင်းရင်းသားများမှ ကျေနပ်မှုမရှိသဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    “ဗိုလ်ချုပ်အောင်ဆန်းတံတား” အဆိုအား ကန့်ကွက်ဆန္ဒဖော်ထုတ်စဉ်(MNA)

    ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး က “ အဓိကကတော့ ဒေသခံတွေရဲ့ သဘောထားဆန္ဒကို အလေးထားဖို့၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးရေးတည်ဆောက်နေတဲ့အချိန်မှာ တိုင်းရင်းသားတွေထိခိုက်စေမယ့် လုပ်ရပ်တွေ မလုပ်ကြဖို့၊ ဒေသခံအကုန်လုံးနီးပါးက အခုလိုနာမည်ပေးတာကို မကြိုက်ကြဘူး၊ ဘာဖြစ်လဲဆိုတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ပျက်ပြားစေတယ်၊ ဒီလိုပျက်ပြားစေတဲ့ အဆိုမျိုးကို ပြည်သူ့လွှတ်တော်က စဉ်းစားချင့်ချိန်သင့်တယ်၊ အဲဒီအဆိုက အောင်မြင်သွားမယ်ဆိုရင်တောင်မှ သမိုင်းမှာ ရင်ထဲက ဒီမိုကရေစီနည်းလမ်းအရ အနိုင်ကျင့်နေခြင်း ခံစားမှုတွေ ကျန်ခဲ့မယ်၊ လွှတ်တော်မှ ရှေ့ဆက်မလုပ်သင့်တော့ဘူးလို့ တောင်းဆိုတယ်” ဟုပြောသည်။

    ဖက်ဒရယ်၏ အနှစ်သာရသည် အားလုံးချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှု ရရှိရန်လိုအပ်ကြောင်း၊ နောက်ထပ် ချစ်ခင်ရင်းနှီးမှုကို ပျက်ပြားစေမည့် လုပ်ရပ်မျိုးထပ်မလုပ်စေချင်ကြောင်း၊ ချစ်ခင်ရင်းနှီးမှုကို အလေးထားသည့်အနေဖြင့် အမြန်ဆုံး တိုင်းရင်းသားဒေသခံတို့၏ ဆန္ဒကို လိုက်လျောပေးရန် တောင်းဆိုကြောင်း ၄င်းက ဆက်ပြောသည်။

    “ဗိုလ်ချုပ်အောင်ဆန်းတံတား” အဆိုအား ကန့်ကွက်ဆန္ဒဖော်ထုတ်စဉ်(MNA)

    ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံများက “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟုအမည်ပေးလိုက်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြရခြင်းသည် လွတ်လပ်ရေး ဗိဿုကာ “ ဗိုလ်ချုပ်အောင်ဆန်း” အား မလေးစား၍ မထီမဲ့မြင် ပြုခြင်း မဟုတ်ကြောင်း၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ဆောက်သည့် ကာလတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဒေသခံဌာနေ တိုင်းရင်းသားများ၏ သဘောထားဆန္ဒကို လေးစားအသိအမှတ်ပြုရန် အထူးပင် အရေးကြီးကြောင်း၊ ယခုအချိန်တွင် တိုင်းရင်းသားများသည် ဗိုလ်ချုပ်အောင်ဆန်း အင်ပါယာကို တည်ဆောက်နေခြင်း မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နေခြင်းသာ ဖြစ်ကြောင်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။

    ဘိုးနက်ကျေးရွာ ဇေယျဝံသ ကျောင်းမှ ဆရာတော် ဘဒ္ဒန္တ ဝရဝံသ က “မွန်တိုင်းရင်းသားတို့ရဲ့ စံထားထိုက်တဲ့ တံတားတစ်စင်းဟာ အခုလို ဗိုလ်ချုပ်အောင်ဆန်း နာမည်မှည့်ပေးတာဟာ မွန်လူမျိုးတို့ရဲ့ ဖခင်နာမည်အရင်းက ဘယ်နေရာ ထားရမှာလဲ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ ပြည်ထောင်စု မပြိုင်ကွဲရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အဲလိုကြွေးကြော်ပြီးတော့ ဘာမဟုတ်တဲ့အဆိုကို လွှတ်တော်မှာတင်ပြီးတော့ လူဦးရေ နဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို ရှုံ့ချတယ်၊ လုံးဝသဘောမတူနိုင်ဘူး” ဟုပြောသည်။

    အဆိုပါဆန္ဒဖော်ထုတ်ပွဲ၌ နယ်မြေတိုင်းရင်းသားဆန္ဒ အသိအမှတ်ပြုရေး၊ တိုင်းရင်းသားချစ်ကြည်ရင်းနှီးရေး၊ တိုင်းရင်းသားဆန္ဒနှင့် မညီတဲ့လုပ်ရပ် ချက်ချင်းရပ် စသည့်ကြွေးကြော်အသံများ ချီတက်ဆန္ဒပြခဲ့ပြီး တောင်းဆိုထားသည့်အတိုင်း မရရှိပါက နောက်ထပ်ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးမင်းတင်ညွန့် က “ တံတားစတင် တည်ဆောက်ကတည်းက သံလွင်တံတား (ချောင်းဆုံ) လို့နာမည်တပ်ခဲ့တယ်၊ ဒါတွေကို မထီမဲ့မြင်ပြုပြီးတော့ တံတားပြီးခါနီးမှ ဗိုလ်ချုပ်အောင်ဆန်းတံတား မှည့်ပေးတာဟာ သဘာဝမကျဘူး၊ ကျနော်တို့ မွန်လူမျိုးကို ပညာသားပါပါနဲ့ ဖျောက်ဖျက်တာပဲ” ဟုပြောသည်။

    ထို့အတူ သံလွင်တံတား (ချောင်းဆုံ) အား “ဗိုလ်ချုပ်အောင်ဆန်း တံတား” ဟု အမည်ပေးရန် အဆိုတင်သွင်းခဲ့သည့်အပေါ် ဒေသခံ ဌာနေ တိုင်းရင်းသားများမှ ကျေနပ်မှုမရှိသဖြင့် ကန့်ကွက်ကြောင်း ချောင်းဆုံမြို့နယ် ဒေသခံပြည်သူများက မတ်လ ၂ ရက်နေ့ နေစွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

    မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားသည် အရှည် ၁၇၅၉ ပေ၊ အကျယ် ၆၄ ပေ၊ မုပွန်ချဉ်းကပ်တံတား ၆၈၉ ပေနှင့် ကညှော်ချဉ်းကပ်တံတား ၂၇၅၆ ပေရှိပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့ သမ္မတဦးသိန်းစိန်လက်ထက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts