spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူနယ်စပ်မြို့တွင် လုံခြုံရေးတိုးမြင့်ထား

    ဘုရားသုံးဆူနယ်စပ်မြို့တွင် လုံခြုံရေးတိုးမြင့်ထား

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အဝင်အထွက် လမ်းများပေါ်နှင့် မြို့အပြင်ဘက် သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီးသို့ ဆက်သွယ်ထားသော မော်တော်ကားလမ်းများပေါ်တွင် အစိုးရတပ်ဖွဲ့မှ လုံခြုံရေးပိုမိုတိုးမြင့်ချထားသည်ကို တွေ့ရှိရသည်။

    မြို့ပေါ်ဝင်ထွက်ဂိတ်များတွင် ရဲများနှင့်အတူ တပ်မတော်သားများနှင့် မြို့အပြင်မော်တော်ကားလမ်းမများပေါ်တွင် တပ်မတော်က အင်အားတိုးမြင့်ချထားပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို အောက်တိုဘာ ၃ ရက်နေ့မှစတင်၍ လုံခြုံရေးအရ အထူးကြပ်မတ်စစ်ဆေးနေခြင်းဖြစ်သည်။

    ဘုရားသုံးဆူနယ်စပ်(Internet)
    ဘုရားသုံးဆူနယ်စပ်(Internet)

    “လွန်ခဲ့တဲ့ တနင်္လာနေ့လည်ပိုင်းကစပြီး လုံခြုံရေးစတင်တိုးမြင့်တာပေါ့၊ မဲဆောက်မှာ မြန်မာကိုဘက်ကို ပို့မယ့်လက်နက်တွေ ဖမ်းမိခဲ့တယ်၊ ဒါကြောင့် ဒီဘက်မှာလည်း အလားတူလက်နက်တွေ တဘက်နိုင်ငံကနေ ဝင်လာနိုင်သလို မူးယစ်ဆေးဝါးကိစ္စကိုလည်း အထူးကြပ်မတ်စစ်ဆေးနေတယ်” ဟု ဘုရားသုံးဆူမြို့ပေါ်ရှိ တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သူ အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ညပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့နယ်တွင် မြန်မာနိုင်ငံသား ၆ ဦးထံမှ အမ် ၆၇ လက်ပစ်ဗုံး ၁၄၁ လုံး၊ အမ် ၇၉ ကျည်ဆံ ၅၁ တောင့်၊ ပွိုင့် ၂၂ အမျိုးအစား သေနတ်ရှည်တလက်နှင့် ကျည်ဆံအမြောက်အမြားကို ထိုင်း အမှတ် ၄ အထူးစစ်ဆင်ရေးတပ်မှ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာများ ဖော်ပြချက်အရ သိရသည်။

    အဆိုပါ စစ်လက်နက်ပစ္စည်းများသည် လက်ရှိ မြန်မာအစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒီကေဘီအေ လက်နက်ကိုင်အဖွဲ့ပိုင်ပစ္စည်းတွေဟု ယူဆရကြောင်း၊ အမှတ် ၄ အထူးစစ်ဆင်ရေးတပ်မှ တပ်မမှူးက သတင်းထောက်များကို ပြောကြားခဲ့သည်။

    တဖက်တွင်လည်း ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် သြဂုတ် ၁၈ ရက်နေ့၌ နယ်မြေခံတပ်ရင်းနှင့် ရဲတပ်ဖွဲ့တို့က ဥဒေါင်းကန် ၈ လမ်းရှိ အောင်ခိုင်ဦး (ခ) ကတုံး (၃၉နှစ်) နေအိမ်အား နံနက် ၆ နာရီ အချိန်ခန့်တွင် ဝင်ရောက်ရှာဖွေရာ အဆိုပါနေအိမ်အတွင်းမှ ရိုင်ဖယ်သေနတ် ၁ လက်၊ ၉ မမပစ္စတို ၁ လက်၊ ပွိုင့် ၂၂ စနိုက်ပါတပ် ၁ လက်၊ M-16 ကျည် (၇၀ဝ) တောင့်၊ M-67 လက်ပစ်ဗုံး ၁ လုံး၊ ထိုင်းဘတ်ငွေ ၁၂,၂၈၄,ဝ၀ဝိ/-(တစ်ရာ့နှစ်ဆယ့်နှစ်သိန်းရှစ်သောင်းလေးထောင်ဘတ်)၊ မြန်မာငွေစက္ကူ ၅,၇၇၅,ဝ၀ဝိ/- (ငါးဆယ်ခုနှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်)၊ အရွယ်အစားအမျိုးမျိုးရှိ ရွှေတုံး (၁၁၃) တုံးနှင့် ရွှေထည်ပစ္စည်း အမျိုးအစားမျိုးစုံပါ (၄၅၃၄)ဂရမ် (ရွှေအရည်အသွေး ၉၆.၅%ရှိ အလေးချိန် ၁၅.၃၆၆ ပိဿာ) စုစုပေါင်းကာလတန်းဖိုးကျပ် (၁၅၇၈၉၆၃၀ဝ၀ိ/-) (ကျပ်သန်းတစ်ထောင်ငါးရာခုနှစ်ဆယ်ရှစ်သန်းကိုးသိန်းခြောင်းသောင်းသုံးထောင်)ကျပ် တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့သတင်းအရ သိရသည်။

    တဆက်တည်းတွင်ပင် ဘုရားသုံးဆူမြို့၊ ကရင်စုကွက်သစ်နေ မျိုးနိုင်ဦး(ခ)ပြာလောင် (ခ )စောက်ရမ်း(၃၂-နှစ်)၏ မွှေးမွှေးသစ်စက်အတွင်းရှိ နေအိမ်တွင် နံနက် (၈)နာရီ (၄၅)မိနစ်အချိန်တွင် ဆက်လက်ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ပွိုင့် ၂၂ သေနတ် ၁ လက်၊ M ၁၆ ပြောင်းတို ၁ လက်၊ ၉ မမပစ္စတို ၁ လက်၊ ဂတ်စ်ပစ္စတို သေနတ် ၁ လက်၊ ကိုးလုံးကျည်ပြောင်းချော ၁ လက်၊ ဒေသန္တရ လုပ်သေနတ် ၁ လက်၊ တူမီး ၁ လက်၊ M-26 လက်ပစ်ဗုံး ၁ လုံးအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

    အလားတူ သြဂုတ်လ ၁၃ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့အနီး ရွာသစ်ကျေးရွာနေ နိုင်ဝင်းအောင်နှင့်ဇနီး မရွှေမိ နေအိမ်တွင် အိုက်စ် ၄၂ ဒသမ ၃ ဂရမ်၊ M 16 သေနတ် ၃ လက်၊ SEA HAWK ပွိုင့် ၄၅ ပစ္စတိုသေနတ်တစ်လက်၊ ပွိုင့် ၃၂ ပစ္စတိုသေနတ်တစ်လက်၊ ၅ ဒဿမ ၅၆ ကျည် ၅ ထောင်တောင့်ကျော်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို ဘုရားသုံးဆူ နယ်မြေခံတပ်နှင့် သုံးဆူနယ်မြေရဲစခန်းတို့ ရှာဖွေဖမ်းဆီးရမိသည်။

    “ဒီအဲဒီဖမ်းမိတဲ့ လက်နက်တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်တာနဲ့ ဆက်စပ်မှုရှိနေတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ပတ်သက်မှုရှိနေတယ်၊ ဘယ်အဖွဲ့လည်းဆိုတာကိုလည်း အမည်တပ်ပြောဖို့ ခက်ပါတယ်၊ အန္တရာယ်လည်း ရှိနိုင်တယ်” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။

    ထို့အပြင် ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကာလအတွင်း DKBA တပ်ဖွဲ့များသည် မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့ပေါ် အစိုးရရုံးများကို ဝင်ရောက်တိုက်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်ဟု သူကဆိုသည်။

    မွန်ပြည်သစ်ပါတီ ဂိတ်မှူးတစ်ဦးက “ အခုလိုအစိုးရတပ်ဖွဲ့တွေ ဘာကြောင့်လုံခြုံရေး တိုးမြင့်လိုက်တာကို အသိပေးပြောဆိုတာမရှိသေးဘူး၊ ဆက်ဆံရေးရုံးကိုလည်း အသိပေးတာမရှိဘူး၊ ထူးခြားမှုရှိရင် အရင်ကတော့ အစည်းအဝေးတွေလုပ်ပီး အသိပေးတာရှိတယ်” ဟု ဆိုသည်။

    ဘုရားသုံးဆူမြို့နှင့်အနီးတဝိုက်တွင် အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့အပြင် KNU, မွန်ပြည်သစ်ပါတီ, DKBA, ABSDF, ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် အစိုးရထံလက်နက်ချထားသည့်အဖွဲ့ငယ်များလည်း အခြေစိုက်နေထိုင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts