spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်း၂၁ ရာစု ပင်လုံညီလာခံ ဖိတ်စာမရသေးဟု မဟာမိတ်သုံးဖွဲ့ပြော

    ၂၁ ရာစု ပင်လုံညီလာခံ ဖိတ်စာမရသေးဟု မဟာမိတ်သုံးဖွဲ့ပြော

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် AA ၊ TNLA၊ MNDAA မဟာ မိတ်သုံးဖွဲ့အား မိုင်းလား(NDAA)မှတဆင့် ဖိတ်စာပေးပို့ထားသည်ဟုဆိုသော်လည်း ဖိတ်စာမရသေးဟု မဟာမိတ်သုံးဖွဲ့က ၂၀၁၆ ခုနှစ်၊သြဂုတ် ၂၆ ရက်က မွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။

    မဟာမိတ်သုံးဖွဲ့ ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်နိုင်ရေး မိုင်းလားအဖွဲ့(NDAA)မှ တဆင့် အစိုးရဘက်မှ ဖိတ်စာပေးပို့ထားသည်ဟု သတင်းများ ထွက်ပေါ်နေရာ ယင်းသတင်းများ နှင့် ပတ်သက်ပြီး မဟာမိတ်သုံးဖွဲ့ ဘက်မှ လက်ရှိ အချိန်ထိ ၎င်းတို့ထံ ဆက်သွယ်လာခြင်းမရှိသကဲ့သို့ ဖိတ်စာပေးပို့လာခြင်းလည်း မရှိကြောင်း ဆိုသည်။

    မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရကိုယ်စားလှယ်အမှတ်တရပုံ(Internet)
    မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရကိုယ်စားလှယ်အမှတ်တရပုံ(Internet)
    “မနေ့ကညနေအထိတော့ နေပြည်တော်ကနေ ဖိတ်စာပေးပို့လာတယ်လို့ မကြားမိဘူး ကျွန်တော်ဆီကိုလည်း အဆက်အသွယ်မလုပ်လာဘူး။ကျွန်တော်တို့အဖွဲ့နဲ့လည်း အဆက်အသွယ်မလုပ်ရသေးဘူး။သူတို့ဆီ(AA) ရောက်ရင်တော့ ကျွန်တော်ကို အဆက်အသွယ်လုပ်လာမှာပါ အခုထိတော့ ဆက်သွယ်မလာသေးဘူး ဖိတ်စာ လည်း မရောက်သေးဘူး”ဟု ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)မှ ဒုဗိုလ်မှူးကြီး ကျော်ဟန် က သြဂုတ် ၂၆ ရက်က ပြောသည်။

    အလားတူ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) မှ ဒုဥက္ကဌ ဗိုလ်မှူးချုပ် တာဂျူတ်ဂျား ကလည်း သတင်းစာများပေါ်တွင် မိမိတို့ အား ဖိတ်စာပေးပို့ထားသည်ဟု ဖော်ပြနေသော်လည်း လက်ရှိမှာ ဖိတ်စာ လက်ခံ ရရှိခြင်းမရှိသေးကြောင်း ဆိုသည်။

    “ဖိတ်စာတော့ မရသေးဘူး။သူတို့ဘက်က(အစိုးရ)တော့ မိုင်းလားက တဆင့် ဖိတ်တယ်လို့ ပြောတယ်။ သတင်းစာတွေပေါ်မှာလည်း ဖိတ်စာပို့ထားတယ်ပြောနေကြတယ်။ အဲဒါမဟုတ်ဘူး အခု ကျွန်တော်တို့ ဖိတ်စာ မရဘူး မိုင်းလားကလည်း ဆက်သွယ်လာတာမရှိဘူး။ ဖိတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ကို တိုက်ရိုက် ဖိတ်လို့ ရတာပဲ ကျွန်တော်တို့ကို မဖိတ်ချင်လို့ သူတို့အခုထိ ဖိတ်စာမလာတာပေါ့။ကျွန်တော်တို့ကတော့ တက်ရောက် ခွင့်ရရင် တက်ဖို့ အဆင်သင့်ဖြစ်နေပါပြီး”ဟု ၎င်း က သြဂုတ် ၂၆ ရက်နေ့တွင် ပြောသည်။
    အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီမှ တာဝန်ရှိအား ဖုန်းဆက် သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းကိုင်ဆို ဖြေကြားမည့်သူမရှိသည့်အတွက် မေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။

    သြဂုတ် ၃၁ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၂ ၌ ၂၁ ရာစု ပင်လုံ ညီလာခံကို ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယင်း ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ၂၀ဝ ဦး တက်ရောက်ခွင့်ရရှိထားသည်။
    “ ညီလာခံကို တက်မယ်သူကတော့ ၁၇ ဖွဲ့ရှိတယ်။ နာဂအဖွဲ့ကတော့ လေ့လာသူအနေနဲ့ဘဲ တက်မယ်။ဒါကို ပေါင်းရင်တော့ ၁၈ လို့ ပြောလို့ရမယ်။ဘာခေါင်းစဉ်ရယ်လို့ တက်ပြီးတော့ မကျင်းပတော့ဘူး တစ်ဖွဲ့ကို ၁၀ မိနစ် ပြောခွင့်ရမယ်။အဲ့ဒါမှာ ကိုယ်သက်ဆိုင်တဲ့ အဖွဲ့ရဲ ့ မူဝါဒတွေ ပြောခွင့်ရမယ်။အကြောင်းအရာတွေ ပြောခွင့်ရ မယ်။ သူသဘောထား ဘယ်လို ရှိတယ်ဆိုတာ ပြောခွင့်ရမယ်ပေါ့လေ”ဟု ၂၁ ရာစု ပင်လုံ ညီလာခံ ပူးတွဲကျင်း ပ ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန် ့ ပြောသည်။

    လက်ရှိတွင် ၂၁ ရာစု ပင်လုံညီလာခံသို့ လက်မှတ်မရေးထိုးရသေးသည့် UNFC မှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါ တီ KNPP၊ “ဝ” အမျိုးသားအဖွဲ့ WNO၊ ရခိုင်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ တို့ အပြင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA/UWSP၊ မိုင်းလားအဖွဲ့ NDAA၊ နာဂအမျိုးသားဆို ရှယ်လစ်ကောင်စီ ကပ်ပလန် NSCN-K ၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ KNU/KNLA-PC ၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ တက်ရောက် မည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts