မွန်သတင်းအေဂျင်စီ – မုတ္တမပင်လယ်ကွေ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာပင်လယ်ပြင်တွင် မျောပါပြီး ဆယ်ယူရရှိထားသည့် ပိုင်ရှင်မဲ့ စက်လှေတစ်စီးနှင့် နွား ၁၅ ကောင်ကို ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းက
အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့ မြေကွက်တွင် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။
၎င်းပိုင်ရှင်မဲ့ စက်လှေနှင့် နွားများကို မေလ ၂၂ ရက်တွင် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှ တံငါသည်များက ဆယ်ယူပြီး သက်ဆိုင်ရာသို့ အပ်နှံထားရာမှ ၆ လကျော်ကြာ ပိုင်ရှင်ကို စုံစမ်းမတွေ့ရှိသည့်အတွက် ပိုင်ရှင်မဲ့ဟု သတ်မှတ်ကာ နိုဝင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် လေလံတင်ရောင်းချခြင်း ဖြစ်သည်ဟု လေလံကြော်ငြာချက်အရ သိရသည်။
လေလံပွဲသို့ ရောက်ရှိခဲ့သူ ပေါင်မြို့နေ ဦးကြည်အေး က “သူတို့ ကြော်ငြာချက် အမှတ် ၃/၂၀၁၅ မှာ ၆ လကျော်ကျော် ပိုင်ရှင်ကို စုံစမ်းပြီး ဆက်သွယ်လာတဲ့လူ မရှိတော့လို့ ဒီလိုလေလံတင် ရောင်းတာ ဖြစ်တယ်” ဟု ပြောသည်။
ဆယ်ယူစဉ်က နွားအကောင် ၂၀ ကျော် ပါပြီး လူငှားနှင့် နွားကို ကျောင်းခိုင်းထားကြောင်း၊ ၆ ကောင်မှာ သေသွားသည့်အတွက် ၁၅ ကောင်သာ ကျန်ရှိကြောင်း အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်း က ပြောသည်။
နွား ၁၅ ကောင်ကို ၅၄ သိန်း၊ စက်လှေကို ၂၅ သိန်း ကြမ်းခင်းဈေး သတ်မှတ်ပြီး၊ ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာ နွား ၁၅ ကောင်ကို ဦးအီဗရာဟင် က ၅၅ သိန်း ၅ သောင်းဖြင့် လည်းကောင်း၊ စက်လှေကို ဦးဇော်ဝင်း က ၃၃ သိန်း ၃ သောင်းဖြင့်လည်းကောင်း လေလံအောင်ခဲ့ကြသည်။
စက်လှေကို လေလံအောင်ခဲ့သည့် ဦးဇော်ဝင်း က “လှေက ဧရာဝတီဘက်က ပုံစံနဲ့ တူနေတယ်။ ကုန်ပစ္စည်း တင်တဲ့သူတွေအတွက် အသုံးတည့်ပါတယ်။ ကျွန်တော်က သဲ၊ကျောက် တင်တဲ့လုပ်ငန်းမှာ သုံးမှာပါ” ဟု ပြောသည်။
စက်လှေမှာ ၄ လုံးထိုး အင်ဂျင်တပ် ၃၅ ပေ×၁၀ ပေ၊ အမြင့် ၆ ပေရိှပြီး ဒေသအခေါ် ဘဲမြီးသမ္ဗန်အမျိုးအစား ဖြစ်ကာ စိမ်း၊ ပြာ၊ နီရောင် ဆေးသုတ်ထားသည်ဟု ဦးကြည်အေး က ပြောသည်။
လေလံပွဲအတွက် စက်လှေကို စိတ်ဝင်စားသူ ၈ ဦး၊ နွားကို စိတ်ဝင်စားသူ ၆ ဦးတို့က ကြိုတင်စာရင်းပေး လှျောက်ထားခဲ့ကြသည်ဟု လေလံရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုး က ပြောသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပထမအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း စက်လှေကို အချိန်မီ မပြနိုင်ခြင်း၊ နွားများ၏ လက်ရှိအနေအထားနှင့် သတ်မှတ်တန်ဖိုး မြင့်မားခြင်းတို့ကြောင့် လေလံဝယ်သူ မရှိခဲ့ကြောင်း သိရသည်။