ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု၊ ရွာသစ်ရွာနှင့် ရွာကလေးကြား စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
အဆိုပါရွာ ၂ ရွာကြား နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဗုံးသီး ၅ လုံးထပ်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသစ်ရွာ မွန်အမျိုးသားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးမှုရှိသည့်အပြင် အာယုတောင်ဒေသခံအမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“ လေယာဉ် အမျိုးအစားတော့ မတူဘူး။ ၅ နာရီ တိတိမှာ ကြဲချတာ၊ ဒေသခံတစ်ယောက်က ကားထဲ မှာ ရှိနေတော့ ဗုံးကျတဲ့ တုန်ခါမှုနဲ့ ကားမှန်ကွဲ သွားလို့ အစထိတာ နည်းနည်းပါပဲ၊ ဗုံးစမှန်တာတော့ မဟုတ်ပါဘူး။” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။
ဗုံးကြဲချတိုက်ခိုက်မှုမဖြစ်မီ နေလည် ၁၂ နာရီ မှစ၍ လေယာဉ်ကင်းထောက်ပျံဝဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဆက်ပြောသည်။
လက်ရှိတွင် ရွာသစ်နှင့် ရွာကလေးဒေသခံများ ဘေးလွတ်ရာနှင့် နီးစပ်ရာ တောတောင်ဥယျာဉ်ခြံများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။
“လောလောဆယ်က ကြောက်နေရတာပေါ့ ညတိုင်းလေယာဉ်ဝဲတော့ ဘယ်နေရာမှာ ဘယ်အချိန်ချမှန်းမသိတော့ ဒေသခံတွေ အကုန်အားလုံးက ကြောက်နေကြတာပေါ့ၹ အချို့ဒေသခံတွေလဲ ရွာမှာ ကျန်နေတာရှိတယ်။ ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရေးချောင်းဖျားဒေသ မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေ ဖလမ်းရွာကို စစ်တပ်မှ လေယာဉ်ဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ချဲ့တိုက်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄ ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၁၅ ဦး ထက်မနည်းရှိကြောင်း၊ ထို့အပြင် နေအိမ်နှင့် အဆောက်အအုံများစွာ ပျက်စီးခဲ့ရပြီး၊ လက်ရှိတွင် ဖလံချောင်းဝ၊ ချဲ့တိုက်၊ ချောင်းနှစ်ခွအပါအဝင် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။



