ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအနီးရှိ ဇီးဖြူကုန်းစစ်စခန်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဝင်ရောက်အင်အားဖြည့်တင်းထားပြီး အနီးတစ်ဝိုက်ကျေးရွာများမှ ဒေသခံများ ထိန့်လန့်နေကြသည်ဟု ကြားအင်းဆိပ်ကြီး သတင်းအရင်းမြစ်များက ပြောသည်။
အဘစ်တပ်ရင်းမှ အင်အားရာချီနီးပါး ပါဝင်သည့် စစ်ကော်မရှင်စစ်ကြောင်းသည် နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းက အဘစ်-ပုလိန်-တံခွန်တိုင်လမ်းပိုင်းမှတစ်ဆင့် ဇီးဖြူကုန်းစစ်စခန်းသို့ ချီတက်ဝင်ရောက်ပြီး အင်အားဖြည့်တင်းခဲ့သည်။
စစ်ကော်မရှင်စစ်ကြောင်း ချီတက်လာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိမ်းရှောင်ပေးခဲ့သည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ စခန်းအတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“အခုက စစ်ကြောင်းက ဇီးဖြူကုန်းစခန်းကို ရောက်သွားကြပြီ။ သူတို့စစ်ကြောင်းထိုးလာတဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရှောင်ပေးလိုက်တယ်။ အဲကြောင့် အရင်တစ်ခါလိုမျိုး တိုက်ပွဲမဖြစ်တာ။ ” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
ယခုကဲ့သို့ စစ်စခန်းအတွင်း အင်အားဖြည့်တင်းလာပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့များက အခြားနေရာများသို့ ထပ်မံစစ်ကြောင်းထိုးလာမည်ကို စိုးရိမ်နေရသည့်အပြင် အနီးတစ်ဝိုက်ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာမည်ကို စိုးရိမ်နေကြသည်ဟု တံခွန်တိုင်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ကတော့ အဲဘက်က ရွာသူ၊ ရွာသားတွေက ရှောင်ကြတယ်။ အခုလည်း ရွာမပြန်ရဲသေးဘဲ အခြေအနေစောင့်ကြည့်နေတဲ့လူတွေလည်း ရှိနေသေးတယ်။ လောလောဆယ် ဘာအသံမှ မကြားပေမဲ့ လက်နက်ကြီးပစ်ခတ်မှာစိုးလို့ သတိနဲ့ နေနေရတယ်” ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။
အဆိုပါ စစ်စခန်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်ပြီး အနီးတစ်ဝိုက်ကျေးရွာများနှင့် နေရာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း၊ ထိုသို့ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခြင်းများလည်း ဖြစ်ပေါ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း အဘစ်တပ်ရင်းမှ စစ်ကော်မရှင်စစ်ကြောင်းသည် ဇီးဖြူကုန်းစစ်စခန်းသို့ အင်အားဖြည့်တင်းရန် ချီတက်လာစဉ် ပုလိန်ကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည်။
![2]](https://burmese.monnews.org/wp-content/uploads/2026/11/2-694x357.png)


