Home သတင်း စစ်တပ် အပြည့်အဝ ထိန်းချုပ်ထားသည့် မော်လမြိုင်တွင် ခိုးစိုးလုယက်မှု နေ့တိုင်းနီးပါး ဖြစ်ပွားနေ

စစ်တပ် အပြည့်အဝ ထိန်းချုပ်ထားသည့် မော်လမြိုင်တွင် ခိုးစိုးလုယက်မှု နေ့တိုင်းနီးပါး ဖြစ်ပွားနေ

စစ်တပ် အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် နေအိမ်ဖောက်ထွင်းမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ခိုးမှု အစရှိသည့် ဒုစရိုက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး၊ လုံခြုံရေး စိုးရိမ်စရာဖြစ်နေရသည်ဟု မြို့ခံတို့က ပြောသည်။

မော်လမြိုင်မြို့ပေါ်တွင် နေအိမ်ဖောက်ထွင်းခံရမှု၊ ဓားပြတိုက်မှုဖြစ်စဉ်များအပြင် လမ်းသွားရင်း ဝတ်ဆင်ထားသည့်လက်ဝတ်ရတနားများ လုယက်ခံရခြင်း၊ ဖုန်း၊ ပိုက်ဆံအိတ်လုယက်ခံရသည့်ဖြစ်စဉ်များ နေ့တိုင်းနီးပါး ဖြစ်ပွားနေသည်ဟုလည်း မြို့ခံတို့က ပြောသည်။

“မော်လမြိုင်မှာလည်း နေရတာ မလုံခြုံတော့ဘူး။ အမြဲသတိဝိရိယနဲ့ နေနေရတယ်။ အပြင်ထွက်ရင်လည်း ဘယ်သူက ကိုယ့်ကို ဘာလာလုပ်သွားမလဲဆိုတာမျိုးနဲ့ စိုးရိမ်စိတ်က အမြဲရှိတယ်။ အိမ်မှာနေရင်ရော လုံခြုံလားဆိုတော့ မဟုတ်ဘူး။ ဓားပြပဲ လာတိုက်မလား။ အိပ်တဲ့အချိန်မှာ အိမ်ဖောက်ပြီး ဝင်လာမလား” ဟု မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ကပင် မော်လမြိုင်မြို့၊ သရက်ကုန်းရပ်ကွက်ရှိ ဆရာဝန်တစ်ဦး၏ နေအိမ် ဖောက်ထွင်းခံရပြီး တန်ဖိုး ကျပ်သိန်း ၁၁၀၀ ကျော်ရှိသည့် ရွှေထည်ပစ္စည်းများ၊ ငွေသားများ ခိုးယူခံခဲ့ရသည်။

အောက်တိုဘာလအတွင်းကလည်း မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ရွှေနှင့် ငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ခိုးယူခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူသည် ယနေ့အထိ လွတ်မြောက်နေဆဲဖြစ်သည်။

၎င်းပြင် မော်လမြိုင်မြို့ပေါ်က ဆိုင်ကယ် Taxi သမားများလည်း ဖုန်း၊ ပိုက်ဆံ လုယက်ခံရခြင်း၊ ဆိုင်ကယ်များကို လုပြီး လူကိုသတ်ဖြတ်သည့်ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေသည်။

မော်လမြိုင်မြို့ပေါ်တွင် စစ်တပ်က မြို့အနှံ့ လုံခြုံရေးတင်းကြပ်ထားသည့်အပြင် စစ်ဆေးမှုများ ပြုလုပ်နေသည့်ကြားမှာပင် ယခုကဲ့သို့သော ဒုစရိုက်မှုများ ပေါများလာသည့်အပေါ် မြို့ခံတို့အကြား ဝေဖန်ပြောဆိုစရာဖြစ်နေသည်။

တဖက်တွင်လည်း ဒုစရိုက်မှုများကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများသို့ တိုင်ကြားသော်လည်း အမှုမဖွင့်ပေးတာမျိုး၊ အမှုဖွင့်ပေးရန် ငွေကြေးအဆမတန်တောင်းတာမျိုး၊ အမှုဖွင့်ပေးပါကလည်း ထိရောက်သည့် ကိုင်တွယ်မှုမျိုး မလုပ်ဘူးလို့လည်း တို့က ပြောသည်။

“ဖြစ်ပြီးရင် ကျူးလွန်သူကို ဖမ်းမိတယ်ဆိုတာ ရှားတယ်မ။ ကိုယ့်ပစ္စည်းခိုးခံထိလို့ သွားတိုင်ကြည့် အရေးတောင် မလုပ်ဘူး။ ပိုက်ဆံပါ တောင်းသေးတယ်။ အခု မော်လမြိုင်မှာ လုယက်တာခံရတာ ခိုးခံရတာတွေက သာမာန်လိုတောင်ဖြစ်နေတယ်။ နေ့တိုင်းကြားနေရတယ်။ ဘယ်သူမှလည်း ဒီကိစ္စကို မကိုင်တွယ်ဘူး” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ခိုးမှု၊ လုယက်မှု၊ နေအိမ်ဖောက်ထွင်းခံရမှု၊ ဓားပြတိုက်မှုနှင့် လူသတ်မှုစသည့် ရာဇဝတ်မှုဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်ပွားနေခြင်းကြောင့် ပြည်သူတို့၏ နေ့စဉ်လူမှုဘဝ လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာနေသည်။

ထို့အပြင် လူပျောက်ဆုံးမှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်စပ်သည့် လူမှုရေးပြဿနာများပါ ကြုံတွေ့လာရသည်ဟုလည်း ဆိုသည်။

လက်ရှိအခြေအနေတွင် ရာဇဝတ်မှုများကို ထိရောက်စွာ တားဆီးနိုင်ခြင်း၊ ကျူးလွန်သူများကို စုံစမ်းမဖော်ထုတ်နိုင်ခြင်း၊ ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးမယူနိုင်ခြင်းတို့သည် ကျူးလွန်သူများကို ပိုမိုအတင့်ရဲလာစေသည်ဟုလည်း ဒေသခံတို့က ပြောသည်။