Home သတင်း မုဒုံတွင် တစ်ရက်တည်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်၊ ရဲတပ်သား တစ်ဦးနှင့် ဒေသခံတစ်ဦး ဒဏ်ရာရ

မုဒုံတွင် တစ်ရက်တည်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်၊ ရဲတပ်သား တစ်ဦးနှင့် ဒေသခံတစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း တစ်ရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီး၊ ရဲတပ်သားတစ်ဦးနှင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာနေ အမျိုးသားတစ်ဦးက ကျုံဖိုက်ကျေးရွာဘက်ကနေ မုဒုံဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ဖားအောက်တောရကျောင်းအဝင်လမ်းဝအနီးအရောက်တွင် အနောက်က ကပ်လိုက်လာသော Vigo အနက်ရောင်ကားတစ်စီးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အဆိုပါအမျိုးသားသည် နောက်ခါးနှင့် ယာလက်မောင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း စိုးရမ်ရသည့်အခြေအနေရှိကြောင်း ဆိုသည်။

အလားတူ ယမန်နေ့ ညနေပိုင်းကပင် ကမာဝက်နယ်မြေစခန်းမှ ရဲတပ်သားတစ်ဦး ကမာဝက်မြို့ ကျိုက်ဇယ်ဘုရားရှေ့ ဈေးဝယ်ပြီး ဆိုင်ကယ်ဖြင့်အပြန် အနောက်ကနေ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်သွားခဲ့သည်။

“ညနေပိုင်းပဲ ဖြစ်သွားတာ။ သူက ကျိုက်ဇယ်ဘုရားအရှေ့မှာ ကွမ်းယာသွားဝယ်ပြီးအပြန် လမ်းမှာ ပစ်ခတ်ခံရတယ်။ အသက်အန္တရာယ်တော့ သိပ်မစိုးရိမ်ရဘူး” ဟု အသက် ၅၀ ဝန်းကျင် ကမာဝက်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားလည်း မစိုးရိမ်ရ ဒဏ်ရာရရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်။

မုဒုံမြို့နယ်တွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပစ်ခတ်ခံရသူအများစုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သူခိုးများနှင့် စစ်တပ်ထောက်ခံသူများဖြစ်ကြသည်ဟု ဒေသတွင်းက လေ့လာသူတို့က ဆိုသည်။

မြို့ပေါ်အထိ ပစ်ခတ်မှုများ ဖြစ်ပွားလာခြင်းကြောင့် ဒေသခံပြည်သူများအကြား လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်နေပြီး တဖက်တွင်လည်း အာဏာပိုင်ဘက်က ပြည်သူလူထု လုံခြုံရေးအတွက် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မရှိသည့်အတွက် ပြည်သူလူထု၏ နေ့စဉ်သွားလာရေး လုံခြုံမှုမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။